မိုင်းဖုန်းဆရာတော် ထေရုပ္ပတ္တိ အကျဉ်း

မထင်မှတ်ပဲသတို့သားဖြစ်ခဲ့ရတဲ့ မိုင်းဖုန်းဆရာတော် (သို့)
ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း
××××××××××××××××××××××××××××

မိုင်းဖုန်း ဆရာတော် ဟာ ထူးခြားတဲ့ ပါရမီရှင် တစ်ပါးဖြစ်ပါတယ်။ မွေးဖွားစဉ်က မိုးတွေအဆက်မပြတ် ရွာသွန်း ဖြိုး ခဲ့တာကြောင့် အဖွားဖြစ်သူက ဘုန်းကံထူးတဲ့ ကလေးကို ရှမ်း ဘာသာအားဖြင့် “ပုခေ်းrဝုမ့်” အဆက်မပြတ် သော မိုးစက်ကဲ့သို့ ပုညကောင်းမှုရှိတဲ့သူဟု အမည်ပေးခဲ့ပါတယ်။ အသံဖလှယ်စနစ်ဖြင့် “ပ”ကို “မ”သို့ပြောင်း၊ “မ”မှ “ဝ”သို့ပြောင်းကာ ရှမ်းလို “ကျောက်ဝုမ်းစုမ့်”ဟု ခေါ်တွင်ပါတယ်။ နေထိုင်သီတင်းသုံးတဲ့ ဒေသကို အစွဲ ပြုပြီး “မိုင်းဖုန်းဆရာတော်”ဟုလည်း ခေါ်ကြပါတယ်။
ပါရမီရှင်ရဲ့ ဘဝနိဒါန်းကတော့ ညိုးနွမ်းတာနဲ့ စခဲ့ရပါတယ်။ တစ်ဝမ်းတစ်ခါးအတွက် ရိုးသားစွာ တောင်းစားခဲ့ရ ရှာတယ်။ မုဆိုးမ မိခင်ကြီးကိုရော အရွယ်မရောက်သေးတဲ့ ညီမလေးကိုရော အရွယ်နဲ့မမျှအောင် ပြုစု စောင့်ရှောက် လာခဲ့ရတယ်။
ကိုရင်ဘဝ ထူးခြားလှ
နောက်ပိုင်း ပါရမီရဲ့ အရှိန်ကြောင့် သာမဏေဘောင်ကို ရောက်လာပါတယ်။ ၁၁ နှစ်သား သာမဏေလေး ဘဝကပင် ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ “ပါရမီရှင် ကိုရင်လေး”ဆိုပြီး လူသိများလာ ခဲ့တယ်။ လူသိမျာတဲ့ အကြောင်းရင်းက ကိုရင်လေးဘဝနဲ့ ကျောင်းတော်ကြီးကို ဦးဆောင် ဆောက်လုပ် လှူဒါန်း နိုင်ခြင်း၊ ရလာသမျှ အလှူပစ္စည်းများကို တွယ်တာမှု အလျဉ်းမရှိဘဲ ပြန်လည် စွန့်လွှတ်လှူဒါန်းခြင်း၊ ကိုရင်လေး ဘဝကပင် ဝါတွင်း ၃ လပါတ်လုံး ဂူအောင်း တရားကျင့်ခြင်း၊ ယခုလို လူသိမများသေးတဲ့ အချိန် မိမိရဲ့ မွေးနေ့ မှာ သက်ကြီးရွယ်အိုများကို ဝတ်စင်ဖြူများ လှူဒါန်းခြင်း သီလပေးခြင်း တရားဟောခြင်းများ ပြုလုပ်ခဲ့ပါတယ်။ အထူးသဖြင့် ဆရာတော်လောင်းလျာ ကိုရင်လေး ဉာဏသံဝရရဲ့ သီလဂုဏ်၊ ရဲရင့်ရက်ရောတဲ့ဂုဏ်အပြင် ဖြူစင်တဲ့ မေတ္တာစိတ်ရင်းကြောင့် လူချစ်လူခင် ရှင်ချစ်ရဟန်း ချစ် ဆရာတော်ကြီးများပါမကျန် ကိုရင်လေးကို မေတ္တာရောင်ပြန်ဓာတ် ထင်ဟပ်ခဲ့ပါတယ်။
ကိုရင်လေး တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကို ရောက်လာရင် လာရောက်ဖူးမျှော်တဲ့ ပရိသတ်များလွန်း တာကြောင့် ကိုရင်လေးကို အများမြင်အောင်ဆိုပြီး မဟာမြတ်မုနိ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာသာမိက မိမိရဲ့ ရင်ဝယ်သားကဲ့သို့ ပွေ့ချီပြီး ပရိသတ်ဖူးမြင်နိုင်အောင် လုပ်ခဲ့သလို တာချီလိတ် နဂါးနှစ်ကောင် ဆရာတော် ဘုရားကြီးလည်း သားတပည့်လို အမြဲတမ်း သွန်သင်ဆုံးမခဲ့ပါတယ်။
ဆရာတော်လောင်းလျာဟာ ကိုရင်ဘဝကပင် သီရိလင်္ကာ အိန္ဒိယသို့ ဘုရားဖူးကြွခဲ့တယ်။ အိန္ဒိယ နီပေါ ဟိမဝန္တာတောမှာလည်း တစ်ပါတည်း တရားသွားကျင့်ခဲ့သေးတယ်။ အဲဒီအချိန်က သက်တော် ၁၈ လောက် ရှိနေပါပြီ။ တရားသွားကျင့်ချိန် အခက်အခဲ အနှောင့်အယှက်တွေကို ကျော်ဖြတ်နိုင်ခဲ့တယ်။ ရေခဲတောင်ကျား အစရှိတဲ့ သားရဲတိရစ္ဆာန်တွေနဲ့လည်း ကြုံခဲ့ပါတယ်။
လူဆိုးတွေ ဖမ်းဆီးရိုက်နှက်ပြီး နတ်ပူဇော်ရန် အကျဉ်းချ ထားခြင်းလည်း ခံရပါသေးတယ်။ ခေါင်းကွဲတဲ့အထိ အရိုက်ခံရလို့ ခုထက်ထိ ဆရာတော်ရဲ့ ဦးခေါင်းမှာ ဒဏ်ရာ ရွတ်တွေ ကျန်နေပါသေးတယ်။ ဖမ်းထားချိန်မှာ လက်ပြန်ကြိုးတုပ်ပြီး ကျွဲချီးအပြည့်ရှိတဲ့ ကျွဲ ခြံထဲမှာတစ်ညလုံး ပစ်ထားခဲ့ပါတယ်။ မနက်လင်းမှ လူသတ်ပြီး ယဇ်ပူဇော်မယ်လို့ ဆိုတယ်။ ဆရာတော်လောင်းလျာလည်း တစ်ည လုံး ဘုရားဂုဏ်တော် တရားဂုဏ်တော် သံဃာ့ဂုဏ်တော်တွေ နမော တေ ဂါထာတော်တွေ ရွတ်ဖတ်တဲ့အပြင် လူဆိုးတွေကိုလည်း မေတ္တာပို့ပါတယ်။
နံနက် အရုဏ်လင်းခါနီးမှာ ချည်ထားတဲ့ကြိုးတွေ အကုန်လုံး ပြတ်ကုန်ပါ တယ်။။ပိတ်ထားတဲ့ တံခါးတွေလည်း ဝုန်းကနဲ ပွင့်ထွက်ကုန်တယ်။ တာဝန်ကျ အစောင့်က လန့်ပြီး သူတို့ ခေါင်းဆောင်ကို သွားခေါ်လာတယ်။ ချည်ထားတဲ့ကြိုးတွေ ပြတ်သွားတာ ခိုင်ခန့်တဲ့ တံခါးတွေ ပွင့်ထွက် သွား တာကို မြင်ရတော့သူတို့တတွေ အနားမှာ မကပ်ရဲကြပါ။
ဆရာတော် လောင်းလျာက နီပေါစကားနဲ့“ဘာကြောင့် သူ့ကို ဒီလိုဖမ်းရတာလဲ ငါ့မှာ နီပေါသံဃာ့ဥသျှောင်ပေးလာတဲ့ စာတစ်စောင်ရှိတယ် ရော့ဖတ်ကြည့်” ဆိုပြီး သူတို့က အဲဒီစာကိုယူဖတ်ကြည့် ပါတယ်။
(ဆရာတော်သည် ရှမ်း၊ ထိုင်း၊ လော၊ နီပေါ၊ တိဗက် စကား တွေကို ပြောတတ်ပါတယ်) စာဖတ်ပြီးတာ နဲ့ သူတို့မှားတဲ့အကြောင်း သူတို့ကို အပြစ်မယူဖို့ တောင်းပန် ကြ ပါတယ်။ အဲဒီစာက “ကိုရင်လေး ရောက်တဲ့နေရာမှာ ကူညီကြဖို့” နီပေါသံဃာ့ဥသျှောင်ကြီးရဲ့ မေတ္တာ ရပ်ခံစာပဲဖြစ်ပါ တယ်။ နောက်ပိုင်း သူတို့လည်း လိုအပ်တာ ပြန်လည် ကူညီခဲ့ကြပါတယ်။
သတို့သားလောင်းဘဝ
ဟိမဝန္တာမှာ တရားသွားကျင့်စဉ် တစ်ခါတစ်လေ ရွာထဲသွားပြီး ဆွမ်းခံကြွရပါတယ်။ တစ်ရွာဝင် တစ်ရွာထွက်ပါ။ တစ်နေ့တော့ ရွာတစ်ရွာ ဆွမ်းခံကြွသွားချိန် အမျိုးသမီးကြီး တစ်ယောက်က ကိုရင်ဉာဏသံဝရကို မြင်တာနဲ့ သားအရင်းလို သံယောဇဉ်ဖြစ်မိတယ်။ နောက်တစ်နေ့ သူမသဘောနဲ့သူ ကြံစီပြီး ကိုရင်ကို အိမ်သို့ပင့်ပါတယ်။ ရွာထဲက လူတွေကိုလည်း အားလုံး ဖိတ်လိုက်ပါသေးတယ်။ ကိုရင်အထင်ကတော့ တစ်ရွာလုံးကျွေးမွေးတဲ့ အလှူလို့ထင်ထားမိတယ်။
အချိန်တန်လာတော့ သူမရဲ့သမီးလေးကို သတို့သမီးဝတ်စုံနဲ့ မင်္ဂလာဆောင်ပေးပါတော့တယ်။ ကိုရင်လည်း အတန်တန် ငြင်းဆိုခဲ့တယ်။ အများနဲ့ တစ်ယောက်ဆိုတော့ ထလို့လည်း မနိုင် ထိုင်လို့လည်း မဖြစ် ကုလား မင်္ဂဆောင်ပွဲကို မနွဲချင်ပေမယ့် နွဲခဲ့ရပါတယ်။ သတို့သမီးနဲ့ အတူထမင်းစားခိုင်းသော်လည်း ကိုရင်မစားခဲ့ပါဘူး။ မိမိသပိတ်ထဲမှာသာ ဆွမ်းဘုဉ်းပေးခဲ့ပါတယ်။ နေ့လည်စာကျွေးပြီး ပရိသတ်တွေလည်း ပြန်သွားကြပါပြီ။ ကိုရင် လည်း သပိတ်ဆေးဖို့ ထွက်လာရင်း နမော တေ ဂါထာတော်ကို ရွတ်ဖတ်ပြီး ရွာကနေ ထွက်လာခဲ့တယ်။ တစ်ယောက် တစ်လေမှ သူ့ကို မြင်ခဲ့ဟန်မတူ။ သတို့သားဘဝကနေ ကိုရင်လွှတ်မြှောက် လာခဲ့ပါတယ်။ နောင်ပိုင်း ကျန်းမာရေး ချို့တဲ့ခဲ့တာကြောင့် ဟိမဝန္တာကနေ ထွက်ခွာပြီး ထိုင်းနိုင်ငံကို ပြန်ရောက်လာပါ တော့တယ်။ သက်တော် ၂၀ မှာ ရဟန်းဘဝသို့ ရောက်ရှိခဲ့ပါတယ်။
ရဟန်းဘဝ
စာရေးသူက မိုင်းဖုန်းဆရာတော်ကို ၁၉၉၃ ခုက ရန်ကုန် ခေမရဌ်ကျောင်းမှာ စတင်ဖူးတွေ့ရပါတယ်။ နဂါး နှစ်ကောင်ဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးကြောင့် တွေ့ခွင့်ရတာပါ။ မိုင်းဖုန်းဆရာတော်ကို စတွေ့တော့ ဆရာတော်က နူးညံ့သိမ်မွေ့တယ်။ ဂါရဝတရား လွန်စွာ အလေးထားတာတွေ့ရတယ်။ စာရေးသူတို့အဖွဲ့ မိုင်းဖုန်းဆရာတော်နဲ့အတူ ဓာတ်ပုံရိုက်ခွင့်လဲ ရခဲ့တယ်။ အဲဒီခေတ်တုံးက ဖလင်ခေတ်ပါ။ (တချို့ ဓာတ်ပုံဆရာတွေ ခွင့်မရဘဲ မိုင်းဖုန်းဆရာတော်ရဲ့ ပုံကို ရိုက်ယူပေမယ့် ပုံမထွက်ဘူးလို့ ဆိုကြတယ်)
၁၉၉၆ ခု မိုင်းဖုန်းဆရာတော်ရဲ့ မွေးနေ့ကိုကြွခဲ့တယ်။ တိုက်ဆိုင်မှု တစ်ခုပြောပြပါရစေ။ စာရေးသူ မိုင်းဖုန်းကို မသွားခင် တာချီလိတ်ကနေ မန်တုံ ဖတ်ဟိရွာကျောင်းမှာ သွားတည်း ခဲ့တယ်။ မန်တုံဖတ်ဟိဆရာတော်က မိုင်းဖုန်းဆရာတော်ရဲ့ ငယ်သူငယ်ချင်းပါ။ ဖတ်ဟိဆရာတော်ကလည်း ထိုင်းနိုင်ငံကနေ အလည်ပြန်ရောက် လာတဲ့ အချိန်ဖြစ်တယ်။ ညစာရေးသူနဲ့ စကားပြောရင်း မိုင်းဖုန်းဆရာတော် အကြောင်း ပါလာတယ်။
မန်တုန် ဖတ်ဟိ ဆရာတော်က ထိုင်းကိုယ်တော် တစ်ပါးနဲ့တွေ့ပြီး အဲဒီထိုင်းကိုယ်တော်ကလည်း ဟိမဝန္တာတောင်ကနေ ပြန်လာတာ သိပ်မကြာသေးဘူးလို့ ဆိုတယ်။ သူက မိုင်းဖုန်း ဆရာတော် တရားကျင့်သွားတဲ့ နေရာတွေကို လိုက်ပြီး တရားသွားကျင့်ခဲ့တယ်လို့ ဆိုတယ်။ ရွာတစ်ရွာရောက်တော့ ကျောင်းဟောင်းတစ်ကျောင်းထဲ့မှာ သူတရားသွားထိုင်နေချိန် ရွာသားတစ်ယောက် လာဖူးပါတယ်။ နောက်ပြီးတော့ ပစ္စည်း တစ်ခု တယုတယ လာပေးပါတယ်။ အဲဒီပစ္စည်းက မိုင်းဖုန်း ဆရာတော်ရဲ့ ပစ္စည်းမေ့ကျန်ခဲ့တာ လို့ပြောပြီး ပိုင်ရှင်ထံ ကြုံရင် ပြန်အပ်ပေးဖို့ ပြောပါတယ်။ ထိုင်းကိုယ်တော်လည်း အဲဒီပစ္စည်းကို လက်ခံပြီး ထိုင်းကို ပြန်လာခဲ့တယ်။ ဘန်ကောက်မှာ ဝမ်တုံဖတ်ဟိဆရာတော် ခူးဝါးခမ်းလှိုင်းနဲ့တွေ့တော့ အဲဒီပစ္စည်းလေး ပေးလာကြောင်း သိရပါ တယ်။
စာရေးသူက အဲဒီပစ္စည်းလေး ကြည့်ပါရစေဆိုပြီး တောင်းဆိုတော့ ခူးဝါးခမ်းလှိုင်းက အဖုံးပါတဲ့ ဝါးဆစ်ဗူးလေး တစ်ခုကို ယူလာပြတယ်။ ဖွင့်ကြည့်တော့ တောကြက်ဥအရွယ် ကြည်လင်တဲ့ ပယင်းကျောက်တစ်လုံး ဖြစ်နေ တယ်။ ဝမ်တုံဖတ်ဟိဆရာတော်က မွေးနေ့ရောက်ရင် မိုင်းဖုန်းဆရာတော်ကို သွားကပ်ပေးမယ်လို့ ပြောပါတယ်။ နောက်တစ်နေ့ စာရေးသူ တစ်ပါးတည်း မိုင်းဖုန်းထံကို ရောက်သွားတယ်။ ရောက်ရောက်ချင်းပဲ မိုင်းဖုန်း ဆရာ တော်ကမေးတယ်။ “နောင်တော် စဝ်ပီဆုခမ်း တပည့်တော်ရဲ့ လွန်ခဲ့တဲ့ ၁၄ နှစ်က ပျောက်သွားတဲ့ ကျောက် မယူခဲ့ဘူူလားဘုရား”တဲ့။ (စာရေးသူဟာ မိုင်းဖုန်း ဆရာတော်ထက် ဝါရာ သက်တော်ရော ၂ နှစ်ကြီးပါတယ်။ ဒါကြောင့် စာရးသူကို နောင်တော်လို့ပဲ အမြဲခေါ်တယ်) စာရေးသူ စဉ်းစားတယ်။ မနေ့ညက ဖတ်ဟိ ဆရာတော်နဲ့ ၂ ဦးသား ပြောခဲ့တဲ့စကား မိုင်းဖုန်းဆရာတော် ဘယ်လိုလို့ သိသလဲပေါ့။ “အရှင်ဘုရား ဘယ်လို လို့ သိသလဲဘုရား တပည့်တော် မယူခဲ့ပါဘူး ခူးဝါးခမ်းလှိုင် လာမှပဲ ယူလာမှာတဲ့ဘုရား” “သိတာပေါ့ ဘုရား ကိုယ့်ပစ္စည်းမှန်ဆိုတာ ကိုယ့်ထံပြန်ရောက်စမြဲပါဘုရား”
နောက်ပိုင်း မိုင်းဖုန်းဆရာတော် မွေးနေ့ကို မကြာမကြာရောက်ဖြစ်ပါတယ်။
၂၀၀၂ ခုတုံးက ဆရာတော်နဲ့အတူ တရုတ်ပြည် ဆစ်ဆောင်ပန်းနားဒေသနဲ့ လောနိုင်ငံကို ရောက်သွားသေးတယ်။ သာသနာပြု ခရီးတစ်လျှောက် လုံး ဆရာတော်ကို လာရောက်ဖူးမျှော်ကြေတဲ့သူတွေ တောရောမြို့ပါမကျန် နေရာတိုင်းမှာ လူတွေပြည့်လျှံနေ တာ တွေ့ရတော့ ဆရာတော်ရဲ့ မေတ္တာဓာတ်ကို ပိုကြည်ညိုလေးစားမိတယ်။ ဆရာတော်နဲ့အတူ လိုက်လေ့ ရှိတော့ ဆရာတော် ဘာကြောင့် ဘုန်းကြီးသလဲဆိုတာ သိသာပါတယ်။

ဗုဒ္ဓဿ ပူဇံ မဟာတေဇဝန္တော ဘုရားပူဇော် တန်ခိုးကျော် ဆိုတဲ့အတိုင်း မိုင်းဖုန်းဆရာတော် ဘုရားရှိခိုးတာ မနက်ရော နေ့ခင်းရော ညနေ ညပိုင်းရောဆိုရင် တစ်နေ့ကို အနည်းဆုံး ၆ နာရီရှိပါတယ်။ ကားစီး ခရီးထွက် နေတာတောင်မှ ဆင်းတုတော်ကို ထုတ်ပြီး ပွေ့ထားကာ ဘုရားဝတ်တက် မပျက်ခဲ့ပါဘူး။ ရောက်တဲ့နေရာ သွားတဲ့ခရီး လမ်တစ်လျှောက်မှာ မေတ္တာပို့တယ် အမျှဝေပါတယ်။ အလှူဒါန အမြဲလုပ်ပါတယ်။ ဆွမ်းစားတာ တောင်မှ နီးစပ်တဲ့ ဆရာတော် သံဃာတော်များကို ဆွမ်းတွေ ဆွမ်းဟင်းတွေ စေတနာပါပါနဲ့ အမြဲတမ်း ခူးထဲ့ပေးပါတယ်။ ဆရာတော်ကတော့ ဧကာသနိက် တစ်နေ့ကို ဆွမ်းတစ်ထပ်ပဲ ဘုဉ်းပေးပါတယ်။ ဇန္နဝါရီ ၅ ရက် မွေးနေ့မှာ အစာရေစာ မသုံးဆောင်ဘဲ စကားမပြောဘဲ နေသွားပါတယ်။ ငယ်စဉ်ကတည်းက အသားငါး စားချင်စိတ်မရှိခဲ့လို့ သက်သတ်လွှတ်ပဲ ဘုဉ်းပေးပါတယ်။ ဝါတွင်း ၃ လပတ်လုံး တစ်ပါတည်း ဂူထဲမှာပဲ သီတင်း သုံးပြီး ကိုယ်ပိုင် လုပ်ငန်းအတွက် တရားကျင့်ပါတယ်။ ဝါပ ၉ လကတော့ အများအကျိုး သာသနာအကျိုး အတွက် သာသနာပြု ခရီးထွက်ပါတယ်။ စာရေးသူကို ဆရာတော်က ပြောဖူးတယ်။
“တချို့လူတွေက မိုင်းဖုန်းဆရာတော်ဟာ ငွေတွေ အများကြီးရှိပြီး ဘဏ်မှာ အများကြီး စုထားမယ်လို့ ထင်ကြ တယ်။ တပည့်တော်က ဘဏ်မှာ ငွေမစုပါဘူးဘုရား။ ဒါပေမယ့် ဘဏ်တစ်ခုတော့ ရှိထားတယ်။ အမြဲလည်း စုတယ် နေရာတိုင်းလည်း အချိန်မရွေး စုပါတယ်။ အဲဒီဘဏ်က နောင်ဘဝအထိ အာမခံချက်ရှိတဲ့ ကုသိုလ် ဘဏ်ပါဘုရား”တဲ့။
မိုင်းဖုန်းဆရာတော် သက်တော်ရာကျော်ရှည်ပါစေ။ သာသနာပြု လုပ်ငန်းများ အစစအရာရာ အောင်မြင်ပါစေ။
Credit: Original Uploader (မူရင်းပိုင်ရှင်)
ပုံ- ဆရာတော်ဂူအောင်းတရားကျင့်ပြီးထွက်လာစဉ်က ပုံ

Comments