၁။ မာရ်နတ်သားကို အောင်တော်မူခြင်း
ဘုရားအလောင်းတော်သည် ‘အသားအသွေးတွေ ခန်းခြောက်ပြီး အရေ ကြော အရိုးချည်းသာ ကျန်ချင်ကျန်ပါ စေ၊ ဘုရား မဖြစ်သမျှ ငါမထ’ ဟု စိတ်ကို အခိုင်အမာ ဆုံးဖြတ်၍ အပရာဇိတ ပလ္လင်ထက်၌ ထိုင်တော်မူလေ သည်။
ထိုစဉ်ဝသ၀တ္တီနတ်ဘုံမှ မာရ်နတ် သည် ‘သိဒ္ဓတ္ထမင်းသားသည်ငါ၏နယ်ပယ် ဘုံသုံးပါးမှလွတ်မြောက်ရန်ကြိုးပမ်းနေလေပြီး၊သူအားငါ၏နယ်ပယ်မှလွတ်မြောက်ခွင့်မပေး နိုင်’ဟုကြံစည်ကာ နတ်စစ်သည်တို့ကိုဦးဆောင်လျက်ဘုရားအလောင်းတော်အား တိုက်ခိုက်ရန်စစ် ချီလာသည်။
နတ်စစ်သည်တို့ကား စကြဝဠာ တံတိုင်း အထိပြည့်ကျပ်နေလေသည်။ရုပ်အဆင်း အမျိုးမျိုး မျက်နှာပုံအမျိုးမျိုးရှိ နတ်စစ် သည်များ သည်အမျိုးမျိုးသော လက်နက်များကိုစွဲကိုင်ချီတက်လာကြသည်။
မာရ်နတ် သည်ဂီရိမေခလာ ဆင်ကို တက်စီး ပြီးလက်ရုံး လက်နက် အသီးသီး စွဲကိုင်ထားသည်။မာရ်စစ်သည်တို့၏ စစ်ချီကြွေးကြော်သံကားသိမ့်သိမ့် ရိုက် ခတ်နေသည်။
ထိုအချိန်တွင် ဘုရားအလောင်းတော်အနီး၌ သိကြားမင်းသည် အတောင်နှစ်ရာရှိ ဝိဇယုတ္တရ ခရုသင်းကို မှုတ်လျက် မဟာကာဠနဂါးမင်းသည် ဘုရားအလောင်းတော်၏ ဂုဏ်တော်ဖွဲ့များကို ရွတ်ဆိုသီကျူးလျက် သဟမ္ပတိဗြဟ္မာမင်းကမူ ထီးဖြူကြီးကို ဆောင်းမိုးပေးလျက် အသီးသီး ပူဇော်ကြခိုက်ဖြစ်၏ ။
မာရ်စစ်တပ်ကြီး ချီတက် ရောက်ရှိလာသောအခါ ယင်းတို့သုံးဦးသည် သင့်လျော်ရာ အရပ်သို့ ရှောင်ဖယ်သွား ကြသည်။ အပရာဇိတပလ္လင်ပေါ်တွင် ဘုရားအလောင်းတော် တစ်ပါး တည်းသာ ကျန်ရစ်ခဲ့လေသည်။
မာရ်နတ်က သူ၏စစ်သည်များအား ‘‘အမောင်တို့….သိဒ္ဓတ္ထမင်းသားသည် ပြိုင်ဘက်ကင်းသူဖြစ်၍ ငါတို့သည် သူ၏ရှေ့တည့်တည့်မှ မတိုက်ခိုက်ဝံ့ကြသော်လည်း သူ၏ နောက်ဘက်မှ တိုက်ခိုက်ကြစို့’’ ဟုဆိုလေသည်။
ဘုရားလောင်းတော်ကား ‘ဤမာရ်စစ်သည်များသည် ငါ့ကိုတိုက်ခိုက်ရန် လာကြခြင်း ဖြစ်သည်။ ဤအရပ်၌ ငါ၏ မိဘဆွေမျိုးလည်းမရှိ၊ ကာလကြာမြင့်စွာ ဖြည့်ကျင့်ခဲ့သော ပါရမီဆယ်ပါးသာရှိသည်။ ပါရမီအင်အားဖြင့်သာ ဤစစ်ပွဲကို ငါရင်ဆိုင်ရတော့မည်’ ဟုကြံစည်ကာ ပါရမီတော် ဆယ်ပါးကို ဆင်ခြင်လျက် နေလေသည်။
မာရ်နတ်သည် ဘုရားလောင်းတော် ပြေးစေရန် သစ်ပင်တောတောင် ရွာငယ် ရွာကြီးများပင် မှုန့်မှုန့်ညက်ညက် ကြေပျက်စေနိုင်သော လေမုန်တိုင်းကြီးကို ဘုရား အလောင်းတော်ထံသို့ လွှတ်လိုက်သည်။ ထိုမုန်တိုင်းသည် ဘုရားအလောင်းတော်၏ ပါရမီတန်ခိုးကြောင့် သင်္ကန်းစွန်းမျှကိုပင် မလှုပ်ခါစေနိုင်ပေ။
ထို့နောက် ဘုရားအလောင်းတော်ကို ရေဖြင့် ဖုံးလွှမ်းနှစ်သတ်မည်ဟု ကြံစည်၍ မိုးကြီး သည်းစွာ ရွာသွန်းစေပြန်သည်။ မိုးရေလှိုင်းကြီးသည် အလွန်ကြီးမား ပြင်းထန်သော်လည်း ဘုရားအလောင်းတော်၏ သင်္ကန်းစွန်းကို သော်မျှ မစိုစွတ်စေနိုင်။
ထို့ပြင် ကျောက်တုံးမိုး၊ ဓားလက်နက်မိုး၊ မီးကျီးမိုး၊ ပြာပူမိုး၊ သဲမိုး ရွှံ့ညွန် မိုးကြီးတို့ကို တစ်ခုုပြီးတစ်ခု ဆက်တိုက်ရွာချ၏ ။ သို့သော်လည်း မာရ်နတ်သည် ဘုရားလောင်းတော် အား ထိခိုက်ကြောက်ရွံအောင် မစွမ်းဆောင်နိုင်ချေ။ ထို့နောက် ဘုရားအလောင်းတော် ကြောက်ရွံ ထွက်ပြေးစေရန် အလွန်ကြီးမားသော အမိုက်မှောင်ထုကြီးချလိုက်ပြန်၏။
ထိုအမိုက်မှောင်ထုကြီးသည်လည်း ဘုရားအလောင်း တော်ကို မလွှမ်းမိုးနိုင်ပြန်ချေ။
ထိုသို့ အမျိုးမျိုးတိုက်ခိုက်၍ မအောင်မြင်နိုင်သောအခါ မာရ်နတ်သည် သူ၏စစ်သည်များအား ‘သိဒ္ဓတ္ထကို ဖမ်းကြ၊သတ်ကြ ၊ပြေးအောင်လုပ်ကြ’ ဟုအော်ဟစ်အမိန့်ပေးပြန်သည်။
သူကိုယ်တိုင်လည်း ဂီရိမေခလာဆင်ကို တက်စီးကာ စက်ယန္တရားလက်နက်ကို စွဲကိုင်ပြီး-
‘‘ဟယ် သိဒ္ဓတ္ထ……ဤပလ္လင်မှထလော့၊ ဤပလ္လင်သည် သင့်ပလ္လင်မဟုတ်၊ ငါ့ပလ္လင်သာဖြစ်သည်’’ ဟုဆိုသည်။
ဘုရားအလောင်းတော်က
‘‘ဟယ်မာရ်နတ်….သင်သည် ပါရမီဆယ်ပါးအပြားသုံးဆယ် တို့ကို မဖြည့်ကျင့်၊ စွန့်ခြင်း ကြီးငါးပါးကိုလည်းမဖြည့်၊ စရိယာသုံးပါးကိုလည်းမကျင့်။ ငါသည်သာ ထိုအရာအားလုံးတို့ကို ဖြည့်ကျင့်ခဲ့သူ ဖြစ်၍ ဤပလ္လင်သည် သင့်ပလ္လင်မဟုတ်၊ ငါ့ပလ္လင်သာဖြစ်သည်’’ ဟုမိန့်ဆိုသည်။
ထိုစကားကိုကြားလျှင် မာရ်နတ်သည် ဒေါသကို မချုပ်တည်းနိုင်ဘဲ ဘုရားအလောင်းတော်ကို စက်လက်နက်ဖြင့် ပစ်ခတ်သည်။ မာရ်စစ်သည် တို့ကလည်း မိမိတို့ဆိုင်ရာ လက်နက်များဖြင့် ပစ်ခတ်ကြသည်။
ဘုရားအလောင်း တော်ကား ဖြည့်ကျင့်တော်မူခဲ့သော ပါရမီတော်တို့ကိုသာ ဆင်ခြင်တော်မူနေ၏။ ထိုပါရမီစွမ်းရည်တန်ခိုး ကြောင့် မာရ်စစ်သည်တို့ ပစ်ခတ်သမျှ လက်နက်များ အချည်းနှီးသာဖြစ်သွားသည်။
နောက်ဆုံးတွင် ဘုရားအလောင်းတော် ‘‘ဤပလ္လင်သည် သင်ပြုခဲ့သောဒါနကြောင့် ဖြစ်ပေါ်လာသော ပလ္လင်မဟုတ်၊ သင့်ဒါန ကြောင့် ပေါ်ပေါက်လာသော ပလ္လင်ဖြစ်ကြောင်း သင့်မှာပြသစရာ သက်သေမရှိ’’ ဟုမာရ်နတ်အား မိန့်ဆိုသည်။
မာရ်နတ်က သူ၏စစ်သည်များအား သက်သေညွှန်ပြရာ စစ်သည်များက မာရ်နတ်၏ ပလ္လင်ဖြစ်ကြောင်း သက် သေခံကြသည်။ ထိုအခါ ဘုရားအလောင်းတော်က သင်္ကန်းအကြားမှ လက်ယာ လက်ကိုထုတ်ကာမဟာ ပထဝီ မြေကြီး အား လက်ညှိုးညွှန်ပြီး-
‘‘ဤပလ္လင်သည် ငါပြုခဲ့သော ပါရမီကြောင့် ပေါ်ပေါက်လာသော ပလ္လင်ဖြစ်သည်။ အခြားသော ဘဝများစွာက ပြုခဲ့သော ပါရမီများကို ထားဘိဦး၊ ဝေဿန္တရာမင်းဘဝက ခုနစ်ကြိမ်တိုင်တိုင် အလှူကြီးပေးလှူစဉ် မဟာပထဝီမြေကြီးသည် ခုနစ်ကြိမ်တိုင်အောင် လှူပ်ခဲ့ဖူးလေပြီ၊ ဤမဟာပထဝီမြေကြီးသည် ငါ၏ သက်သေဖြစ်ပေ၏’’ ဟုမဟာပထဝီမြေကြီးကို သက်သေထူသည်။
မဟာပထဝီမြေကြီးသည် ဘုရားအလောင်းတော်၏ ပါရမီစွမ်း အားကို သက်သေခံသောအားဖြင့်ပြင်းထန်စွာ လှုပ်ခါမြည်ဟီးလေ၏။ မာရ်နတ်နှင့် စစ်သည်များသည်လည်း ကြောက်ရွံထိတ်လန့်ကာ ခြေဦးတည့်ရာသို့ထွက်ပြေးကြလေသည်။
ထို့သို့ ဘုရားအလောင်းတော်က မာရ်စစ်တပ်ကို အပြီးသတ် အောင်မြင်လိုက်သောအခါ နင်္ဂါး၊ ဂဠုန် ၊နတ်၊ ဗြဟ္မာ ပရိသတ်တို့က ‘‘မာရ်နတ်မင်း စစ်ရှုံးပြီ၊ ဘုရားအလောင်းတော်သိဒ္ဓတ္ထ အောင်ခြင်းကြီးအောင်လေပြီး’’ ဟု အသီးသီးကြွေးကြော်ကာ ပန်းနံ့သာတို့ဖြင့် ပူဇော်ပြီးအောင်ပွဲသဘင်ကို ဆင်ယင်ကြလေသည်။
၂။ သစ္စကပရိဗိုဇ်ကို အောင်တော်မူခြင်း
သစ္စကပရိဗိုဇ်သည် နိဂဏ္ဌတက္ကတွန်းမိဘနှစ်ပါး၏ သားဖြစ်သည်။ အဘဘက်မှ ဝါဒငါးရာ၊ အမိဘက်မှ ဝါဒငါးရာ သင်ယူတတ်မြောက်ခဲ့၏ ။ဝေသာလီပြည် လိစ္ဆဝီမင်းတို့၏ ဆရာဖြစ်သည်။
အယူဝါဒရေးရာ စကားပြိုင် ဆိုင်ပြောဆိုလေ့ရှိပြီး ‘‘ငါပညာရှိ’’ ဟုလည်း ကြွေးကြော်လေ့ရှိသည်။ သူကသာပြစ်တင်ပြောဆိုလိုက်လျှင် မတုန် လှုပ် မယိမ်းယိုင်သူမရှိ၊ ဘုရားဟု ဝန်ခံသူတို့ပင် အကြံအိုက်ကာ ချွေးပြိုက်ပြိုက်ကျရမည်၊
စိတ်မရှိသော တုံး တိုင်တို့ပင် ယိမ်းယိုင်သွားနိုင်သည်ဟု ပြောဆိုလေ့ရှိသည်။
သူသည်မြတ်စွာဘုရား၏ တပည့်အရှင်အဿဇိထံမှ မြတ်စွာဘုရား၏ အစိုးမရခြင်း ဟူသော အနတ္တဝါဒကို စုံးစမ်းသိရှိခဲ့ပြီးနောက် မြတ်စွာဘုရားနှင့် ဝါးဒပြိုင်ရန် သူ၏ နောက်လိုက်တပည့် လိစ္ဆဝီမင်းသားငါးရာတို့အား လွှတ်တော်၌ညီလာခံ ကျင်းပခိုက်မှာပင် သွားပြောသည်-
‘‘မင်းသားတို့-လာကြလော့၊ ယနေ့ ငါသည် ရဟန်းဂေါတမနှင့် ဝါဒပြိုင် ဆိုင် ပြောဆိုမည်၊ အားကောင်းသော ယောကျ်ားသည် သိုးငယ် တစ်ကောင်ကို အမွေးကိုင်ပြီး ဆွဲယမ်းတွန်းထိုးပစ်သကဲ့သို့ ငါသည်လည်းအယူဝါဒ နှင့်စပ်၍ ရဟန်းဂေါတမကို ယနေ့ ဆွဲယမ်းတွန်းထိုးပြမည်၊ မင်းသားတို့….အမြန်လာကြလော့’’ဟု
ပြောဆိုလေ၏ ။
သစ္စကပရိဗိုဇ်သည် လိစ္ဆဝီပရိသတ်ကို ခေါ်ဆောင်ပြီး မြတ်စွာဘုရား သီတင်းသုံးရာ မဟာဝုန် တောအတွင်းရှိ ကူဋဂါရ (ပြသာဒ်ကျောင်း) သို့သွားလေ၏ ။
မြတ်စွာဘုရားရှေ့၌ အသီးသီးနေရာယူ၊ နှုတ်ခွန်းဆက်ကြပြီး နောက် သစ္စကပရိဗိုဇ်က ဝါဒ ပြိုင်ဆိုင်ပြောဆိုခွင့်ပြုရန်
ခွင့်ပန်လိုက်သည်။
ခွင့်ပြုချက်ရလျှင်‘‘ အရှင်ဂေါတမသည် တပည့်တို့ကို အဘယ်သို့ဟောပြောလေ့ရှိပါသနည်း’’ ဟုမေမြန်း၍ ဝါဒပြိုင်ပွဲကို စတင်လေသည်။ မြတ်စွာဘုရားက-
‘‘သစ္စက….ငါသည်တပည့်တို့ကို ရုပ်၊ ဝေဒနာ၊ သညာ၊သင်္ခါရ၊ ဝိညာဉ်တို့သည် အမြဲ မရှိ၊ အစိုးမရ အနတ္တသာ ဖြစ်သည်ဟု ပြောလေ့ရှိသည်’’ ဟု
မိန့်တော်မူသည်။
ထိုအခါ သစ္စကပရိဗိုဇ်က-
‘‘ အရှင်ဂေါတမ….မျိုးစေ့နှင့်အပင် အားလုံးသည် မြေကြီးကိုတည်မှီ၍ ကြီးပွား စည်ပင်ရ၏ ။ ထို့ပြင်မည်သည့် အမှုကိစ္စတို့ကို မဆိုဤမြေကြီး၌ တည်မှီ၍ ပြုလုပ်ရ၏ ။
ဤအတူပင် ကောင်းမှု မကေင်းမှုမှန်သမျှ ရုပ်၊ ဝေဒနာ၊ သညာ၊သင်္ခါရ၊ဝိညာဉ်တည်းဟူသော အတ္တ၌သာ တည်မှီ၍ ဖြစ်ပွားကြရသည်’’ ဟုပြောဆိုလေသည်။
ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်တို့သည် မည်သည့်အခါမျှ အပျက်စီးသော အမာခံအတ္တဖြစ်ကြောင်း ပြောဆို၍ မြတ်စွာဘုရား၏ အနတ္တဝါဒကို ဆန့်ကျင် ပြောဆို လိုက် ခြင်းဖြစ်သည်။
ထိုအခါ မြတ်စွာဘုရားက-‘‘ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်တို့ကို အတ္တဟု သင်ဆိုသလော’’ ဟုမေးတော်မူ၏။သစ္စကပရိဗိုဇ်က-
‘‘ဟုတ်ပါသည်၊ အတ္တဟု ကျွနု်ပ်ဆိုပါသည်။ ကျွနု်ပ်သာမဟုတ်၊ ဤလူအများလည်း ဤသို့ပင် ဆိုကြပါသည်’’ ဟု ပြောဆိုလေသည်။
‘‘ဤလူအပေါင်း၏ အယူဝါဒကို ထား၍ သင့်အယူဝါဒကိုသာ ဖြေဆိုလော့’’ ဟုမိန့် တော်မူရာ သစ္စက-က ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်တို့ကို အတ္တဟု ယူဆကြောင်း ထပ်မံ၍ ဝန်ခံပြောဆိုသည်။
‘‘သစ္စက-ထိုသို့ဖြစ်လျှင် သင့်အား ငါမေးဦးမည်၊ ကောသလမင်း အဇာတသတ် မင်းတို့သည် သူတို့ပိုင်ဆိုင်သော နိုင်ငံအတွင်းမှာ တစုံတယောက်ကို သတ်ဖြတ် ခြင်း ၊ ဥစ္စာပစ္စည်း သိမ်းယူခြင်းနှင့် တိုင်းပြည်မှ နှင်ထုတ်ခြင်းအမှုတို့ကို ပြုလုပ်ရန် အာဏာ ရှိသလော’’ ဟုမြတ်စွာဘုရားက မေးတော်မူ၏ ။
လိုသလိုပြုလုပ်ရန် အာဏာရှိကြောင်း ဝန်ခံလျှင် မြတ်စွာဘုရားက- ‘‘သစ္စက-သင်က သင်၏ရုပ်ကို အစိုးရသည်၊ ပိုင်ဆိုင်သည်၊ အတ္တဖြစ်သည်ဟု သင်ယူဆ ပြောဆိုလျှင် သင့်ရုပ်ကို ဤသို့ဖြစ်စေ၊ ဤသို့မဖြစ်စေနှင့် ဟုသင်အာဏာထားနိုင်သလော’’ဟု မေးတော် မူလိုက်သည်။
သစ္စကပရိဗိုဇ်သည် သူ့အခက်အခဲကို သူသိလိုက်၏ ၊ မိမိရုပ်ကို မိမိအစိုးရသည်၊ မိမိသဘောကျ အာဏာထားနိုင်သည်ဟု ဖြေဆိုလိုက်လျှင် လိစ္ဆဝီမင်းသားတို့က-‘ ဆရာ့ရုပ်ကို ကျွနု်ပ်တို့ကဲ့သို့ လှပအောင် လုပ်ပြပါ’’ ဟုဆို၍ လုပ်မပြနိုင်ခဲ့သော် အနတ္တဝါဒကို ထောက်ခံရာ
ရောက်ပေတော့မည်ဟု စဉ်းစားကာ အဖြေမပေးဘဲ ဆိတ်ဆိတ်နေလေ၏ ။
မြတ်စွာဘုရားက ဖြေဆိုရန် ဒုတိယအကြိမ် တိုက်တွန်းသည်၊ သူကား ဆိတ်ဆိတ်နေမြဲနေ၏ ။
‘‘ သစ္စက…ယခုပင်ဖြေကြားလော့၊ သင်ဆိတ်ဆိတ်နေရမည့် အခါမဟုတ်၊ မြတ်စွာ ဘုရားက သုံးကြိမ်တိုင်တိုင် မေးပါလျက် မဖြေဆိုဘဲ နေခဲ့လျှင် ထိုသူ၏ ဦးခေါင်းသည် ဤနေရာ၌ပင် ခုနစ်စိတ်ကွဲလိမ့်မည်’’ ဟုမဟာကရုဏဖြင့် မိန့်တော်မူလေသည်။
နောက်ဆုံးတွင် သစ္စကပရိဗိုဇ်သည် မဖြေဆိုဘဲ မနေရဲတော့ဘဲ-
‘‘ အရှင်ဂေါတမ…ကျွနု်ပ်၏ ရုပ်ကိုဤသို့ဖြစ်စေ၊ ဤသို့မဖြစ်စေနှင့်ဟု ကျွန်ုပ်အာဏာ မထား နိုင်ပါ’’ ဟုဖြေဆိုလေသည်။
ထို့နောက် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်တို့ကို လည်းအစိုးမရသော အနတ္တ တရားသာလျှင် ဖြစ်ကြောင်းဝန်ခံလျှောက်ထားရ လေတော့သည်။
၃။ စိဉ္စမာဏဝိကာကို အောင်တော်မူခြင်း
စိဉ္စမာဏဝိကာကား သာဝတ္တိပြည်၌နေသူ တိတ္ထိတို့၏ တပည့်မတစ်ဦး ဖြစ်၏ ၊ အသားအရေ ဝါဝင်းလှပ၍ ကျက်သရေရှိသော မိန်းမပျို တစ်ဦးဖြစ်သည်။
မြတ်စွာဘုရား ပွင့်တော်မူလာသောအခါ တိတ္ထိတို့သည် နေ၏အလင်းရောင်အောက်ရှိ ပိုးစုန်းကြူးပမာ တန်ခိုးအရှိန်အဝါလျော့ပါးပြီးလာဘ်လာဘ ဆုတ်ယုတ်လာကြသဖြင့် မြတ်စွာဘုရား၏ မကောင်းသတင်းထွက် ပေါ်ပြီး လာဘ်လာဘဆုတ်ယုတ်အောင် ကြံဆောင်ကြသည်။
ထိုသို့ ပြုလုပ်ရန် စိဉ္စမာဏဝိကာကို အသုံးချကြ၏။
စိဉ္စမာဏဝိကာကား ချောမော လှပရုံသာမကာ ပရိယာယ် မာယာကြွယ်ဝသူ လည်း ဖြစ်၏ ။ ညနေချမ်းအချိန် လူအများ တရားနာပြီး ဇေတဝန်ကျောင်းတော်မှပြန်ကြသောအခါ စိဉ္စမာဏဝိကာ ကားပန်းနံ့သာတို့ကို ကိုင်စွဲ လျက် ဇေတဝန်ကျောင်းတော်သို့ သွားလေဟန်ပြုသည်။
လူအများက မေးလျှင်လည်း-
‘‘ ကျွန်မ သွားသည့်နေရာကို သိရလို့ ရှင်တို့အတွက် ဘာအကျိုးရှိမှာလဲ’’ ဟုလူအများ
သံသယပွားလောက်အောင် ပရိယာယ်သုံး၍ ဖြေလေသည်။
စိဉ္စမာဏဝိကာသည် ဇေတဝန်ကျောင်းတော်သို့ သွားဟန်ပြုပြီး ကျောင်းတော်အနီးရှိ တိတ္ထိတို့ကျောင်းတွင် ညအိပ်လေသည် သာဝတ္တိမြို့သား အချို့သည် မြတ်စွာဘုရားကို အဦးဆုံး ဖူးတွေ့လိုသဖြင့့် နံနက်စောစောထ၍ ဇေတဝန်ကျောင်းတော်သို့ သွားကြသောအခါ စိဉ္စမာဏဝိကာသည် ဇေတဝန်ကျောင်းတော်၌ ညအိပ်ပြီး ပြန်လာလေဟန် မြို့တွင်းသို့ နံနက်စောစော ဝင်လာလေ့ရှိသည်။
‘ဘယ်ကပြန်လာခဲ့သလဲ’ ဟုလူအများကမေးလျှင် ‘ကျွန်မပြန်လာခဲ့တဲ့ နေရာကို သိလို့ကော ရှင်တို့ ဘာအကျိုး ရှိမှာလဲ’ ဟုသာ ဖြေလေသည်။
စိဉ္စမာဏဝိကာသည် ထိုသို့ ပရိယာယ်မာယာသုံးပြီး နေလာခဲ့ရာ တစ်လကျော်ကျော် ကြာသောအခါ-
‘‘ ဇေတဝန်ကျောင်းတော်က ဂန္ဓကုဋီတိုက်တွင်းမှာ ရဟန်းဂေါတမနှင့် အတူ ညအိပ်ပြီးပြန်လာသည်’’ ဟုပင် ဖြေဆိုလေသည်။ သုံးလေးလခန့် ကြာသောအခါ အဝတ်ကြမ်းတို့ဖြင့် ဝမ်းဗိုက်ကို ရစ်ဖွဲ့ကာ ရဟန်းဂေါတမနှင့် ပေါင်းသင်း၍ ကျွန်မမှာ ကိုယ်ဝန်ရခဲ့ပါပြီ’’ ဟု ဉာဏ်ပညာမဲ့သူတို့အားပြောကြားသည်။
ရှစ်လကိုးလကြာ သောအခါ၌ကား ကိုယ်ဝန်တုပြုလုပ်ထားသော သစ်သားကို ဝမ်းဗိုက်မှာဖွဲ့ချည်၍ အနီရောင် အဝတ်အထည် များကို ဝတ်ဆင်ထားသည်။
ခြေဖမိုးတို့ကို နွားမေးရိုးဖြင့် ယောင်ယမ်းအောင် ထုရိုက်၍ ကိုယ်ဝန်ရင့်မာဟန် ပြုလုပ်သည်။
တစ်နေ့သောအခါ စိဉ္စမာဏဝိကာသည် မြတ်စွာဘုရား တရားဟောတော်မူနေစဉ် ပလ္လင်တော်ရှေ့မှာရပ်ပြီး ပရိသတ်အများရှေ့တွင် မြတ်စွာဘုရားကို စွပ်စွဲပြော ဆိုလေ တော့သည်။
‘‘ ရဟန်းကြီး…သင်ကား လူအများကို တရားချည်းဟောနေ၏ ၊ ကျွန်မမှာ သင်ရဟန်းကြီးနှင့် ရသော ကိုယ်ဝန် ရင့်မာနေပြီ၊ သင်ရဟန်းကြီးသည် ဆေးဝါးဓာတ်စာတို့ကို
လည်းမသိ။ ကိုယ်ဝန်ကို စောင့်ရှောက်ရန်ကိုယ်တိုင်လည်း ကြောင့်ကြမစိုက်၊ ကောသလမင်း ၊
ဝိသာခါတို့ကိုလည်း တာဝန်မပေး၊ သင်ရဟန်းကြီးသည် ပျော်ပါးရန်သာ သိပြီး တာဝန်ယူ စောင့်ရှောက်ရန် ဘာမျှမသိပါချေတကား’’ စသည်ဖြင့် စွပ်စွဲ ပြောဆိုလေ၏ ။
ထိုအခါ မြတ်စွာဘုရားသည် ဟောကြားဆဲတရားတော်ကို ရပ်နား၍ ခင်္သြေ့မင်းကဲ့သို့ ရဲရင့်သော စကားကို ဆိုတော်မူသည်။
‘‘ ဟယ် စိဉ္စမာဏဝိကာ…သင်၏စကား မှန် မမှန် သင်နှင့် ငါသာ အသိဆုံးဖြစ်သည်’’ ဟုမိန့်တော်မူရာ-
‘‘ မှန်ပါသည် ရဟန်းကြီး……သင်နှင့်ငါသာ သိကြ၍ပင် ယခုလို ကိုယ်ဝန် အရင့်အမာ ဖြစ်လာရပေသည်’’ ဟု-စိဉ္စမာဏဝိကာ က ရပ်လျက်ပင် တုံ့ပြန် ပြောဆိုလိုက်သည်။
ထိုအခိုက် မြတ်စွာဘုရားရှင်၏ ပါရမီတန်ခိုးတော်ကြောင့် ရုတ်တရက် တိုက်ခတ် လာသော လေအဟုတ်ဖြင့် စိဉ္စမာဏဝိကာ၏ အပေါ်ရုံ အဝတ်ထည်မှာ အထက်သို့ ဆွဲလှန် လိုက်သကဲ့သို့ လွင့်တက်သွား၏ ။
ဝမ်း၌ ရစ်ဖွဲ့ချည်ထားသော ကိုယ်ဝန်တု သစ်သားကြီး သည်လည်း စိဉ္စမာဏဝိကာ၏ ခြေဖမိုးနှစ်လက်ပေါ်သို့ ပြုတ်ကျကာ ခြေဖျားများပင် ပြတ် ကြွေသွား၏ ။
တရားနာပရိသတ်များ ချက်ချင်းပင် အဖြစ်မှန်ကို သိရှိကြပြီး-
‘‘ဟယ် အယုတ်မ…သင်ကား မြတ်စွာဘုရားကိုပင် စွပ်စွဲဆဲရေး၏’’ ဟ စိဉ္စမာဏဝိကာကို ပြောဆိုကြိမ်းမောင်းကာ ရိုက်ပုတ်၍ ကျောင်းတော်မှ နှင်ထုတ်လိုက် ကြသည်။
စိဉ္စမာဏဝိကာသည် မြတ်စွာဘုရား မြင်လောက်ရာအရပ်ကို ကျော်လွန်လေလျှင် မြေမျို၍ မဟာအဝီစိငရဲ သို့ကျရောက်လေတော့၏ ။
၄။ အာဠဝကဘီလူးကြီးကို အောင်တော်မူခြင်း
အာဠဝကဘီလူးကြီးသည် အာဠဝီပြည်အနီး ညောင်ပင်ကြီးတစ်ပင်ရှိ ဗိမာန်၌နေ၏ ။ ဘွဲ့ဖြူလက်နက်ကို ပိုင်ဆိုင်၏ ။ ဒေါသ မာန ကြီး၍ အလွန် ရက်စက်ကြမ်းကြုတ်၏ ။ ရသေ့ ရဟန်းတို့ကို လည်း မလေးစား၊ မိဘတို့ကိုလည်း ရှိမခိုး၊ သူသည် နေမွန်းတည့်ချိန် ညောင်ပင်ရိပ်ကျရာ အရပ်အတွင်းသို့ ခိုဝင်လာသူတို့အား သတ်ဖြတ်စားသောက်ခွင့်ကို ဝေဿ၀ဏ် နတ်မင်းကြီးထံမှ ရရှိထားသည်။
အာဠဝီမင်းကြီးသည် သမင်လိုက်ရာမှ အဖော်ကွဲပြီး တစ်ဦးတည်းပြန်လာစဉ် ထိုညောင်ပင်ရိပ်တွင် နားခိုမိသဖြင့် ဘီလူးကြီးက စားမည်ပြုရာ -‘ကျွနု်ပ်ကို စားလျှင် ယခုတစ်ကြိမ်သာ စားရမည်၊ ကျွနု်ပ်ကို လွှတ်ပေးလျှင် လူတစ်ယောက်နှင့် ထမင်းတစ်အိုး နေ့စဉ်ပို့ပါမည်’’ ဟုကတိစကားဆိုသဖြင့် ဘီလူးကြီးက လွှတ်လိုက်သည်။
နန်းတော်ရောက်လျှင် မင်းကြီးသည် မြို့ဝန်မင်းနှင့် တိုင်ပင်၍ ထောင်တွင်းရှိ သေဒဏ်ချထားသော သူတို့ကို ဘီလူးကြီးထံသို့ နေ့စဉ်ပို့စေသည်။ ထောင်အကျဉ်းသား များကုန်သောအခါ ရွှေ၊ ငွေ ဥစ္စာများကို လမ်းမှာတွေ့သော်လည်း ကောက်ဝံ့သူ မရှိတော့ချေ။
ထိုအခါ အမတ်ကြီးများနှင့် တိုင်ပင်၍ ပုခက်တွင်းအရွယ် ကလေးငယ်များကို ပို့စေပြန်၏ ။ ထိုအခါ ကိုယ်ဝန်ဆောင်မိခင်များသည် အခြားတိုင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ကာ ကလေးများ ကြီးပြင်းမှ အာဠဝီပြည်သို့ ပြန်လာကြသည်။
ဤသို့ တစ်နေ့လူတစ်ယောက် ဘီလူးမင်းထံ ပို့ခဲ့ရာ တစ်ဆယ့်နှစ်နှစ်ကြာလေ၏ ။ နောက်ဆုံး ဘီဘူးစာပို့ရန် တစ်မြို့လုံး ရှာဖွေသော်လည်း ကလေးငယ်ကို မရနိုင်ဘဲရှိစဉ် မင်းကြီးသည် မိမိ၏သားရင်းဖြစ်သော အာဠာဝက မင်းသားကလေးကို မိဖုရာကြီးနှင့် အထိန်းတော်များ ငိုကြွေးနေသည့်ကြားကပင် ဇွတ်အတင်းလုယူစေကာ နောက်တစ်ရက်စာတွက် ဘီလူးကြီးထံ ပေးပို့ရန် အမိန့်ချထားသည်။
ထိုနေ့ညနေချမ်းတွင် မြတ်စွာဘုရားသည် ဘီလူးကြီး၏ ဗိမာန်ရှိ ပလ္လင်ထက်၌ နေတော်မူသည်။ ထိုအချိန်ကား ဘီလူးကြီးသည် ဟိမဝန္တာ၌ နတ်ဘီလူးတို့၏ အစည်း အဝေးသို့ သွားရောက်နေခိုက်ဖြစ်၏ ။
တံခါးစောင့် ဂဒြဘဘီလူးက မြတ်စွာဘုရားရောက် နေကြောင်းဘီလူးကြီးထံ သွားရောက်သတင်းပို့သည်။ ဟေမဝတနှင့် သာတာဂိရိနတ် ဘီလူးတို့လည်း ထိုအစည်းအဝေးသို့ သွားစဉ်အာဠဝက ဘီလူးကြီး၏ ဗိမာန်၌ အခြွေအရံ ဘီလူးမများအား တရားဟောနေသော မြတ်စွာဘုရားကို ဖူးမြင်ခဲ့ရပြီး အစည်း အဝေး ရောက်လျှင် အာဠဝကဘီလူးကြီးအား ‘‘ သင့်ဗိမာန်၌ မြတ်စွာဘုရားရောက်နေသည်၊ သွား ရောက်ဖူးမြော်ချေ’’ ဟုပြောဆိုကြသည်။
အာဠဝကဘီလူးကြီးသည် ထိုစကားကို ကြားသည်နှင့်တပြိုင်နက် ဒေါသအမျက် ခြောင်းခြောင်းထွက်လေ၏ ။ ‘ ဂေါတမရဟန်းကြီးနှင့် ငါမည်သူကတန်ခိုးကြီးသနည်း၊ ကြည့်ကြလော့’ ဟုပြောဆိုထွက်လာပြီး ယူဇနာခြောက်ဆယ်ရှိ ကေလာသတောင်ကို လက်ယာခြေဖြင့် ဆောင့်နှင်းရာ ကျောက်လွှာ ကျောက်ချပ်များ အလွှာလွှာ ကွာကျ၏ ။
ထို့နောက်ကေလာသတောင်ထိပ်မှာ ရပ်လျက် ‘အာဠဝကတဲ့ ဟေ့’ ဟုကြွေးကြော် ဟစ် အောင်လိုက်သော အသံကြီးမှာ ကြောက်မက်ဖွယ် တုန်ဟည်းသွာလေသည်။
ဘီလူးကြီးသည် သူ၏ဗိမာန်သို့ ရောက်သောအခါ မြတ်စွာဘုရားထံ သူ၏ယက္ခမယ်များ ဝန်းရံလျက်ရှိသည်ကို မြင်တွေ့ရလျှင် ပို၍ဒေါသထွက်သွားသည်။
မြတ်စွာဘုရားကို သေကျေပျက်စီးစေရန် ပြင်းထန်သော လေမုန်တိုင်းကြီးကို လွှတ်၏။ သို့သော် လေမုန်တိုင်းသည် မြတ်စွာဘုရားကို မည်သို့မျှ မထိခိုက်စေနိုင်။ ရေတွင်နစ်မွန်းသေစေရန် မိုးကြီးသည်းထန်စွာ ရွာသွန်းချပြန်၏ ။ ထိုမိုးကြီးသည်လည်း အချည်းနှီးပင်။
ထို့ပြင် ကျောက်တုံးမိုး၊ ဓား လှံ လက်နက်မိုး၊ မီးကျီးခဲမိုး၊ ပြာပူမိုး၊ သဲမိုး၊ ရွှံညွန်မိုးတို့ကိုလည်း (ဗောဓိမဏ္ဍိုင်မှာ မာရ်နတ်မင်းတိုက်ခိုက်သည့်နည်းတူ) တစ်ခုပြီး တစ်ခု ရွာသွန်းကြဲချပြန်သည်။ မရချေ။ နောက်ဆုံး ကြောက်ရွံ့အားငယ်စေရန် အမှောင်ထုကြီးချလိုက်သော်လည်း ဘီလူးကြီး၏ တိုက်ခိုက်မူများအားလုံး မြတ်စွာဘုရားကို ထိခိုက်နစ်နာအောင်လည်း မစွမ်းဆောင်နိုင် ၊ ကြောက်လန့်ထွက်ပြေးအောင်လည်း မပြုလုပ်နိုင်ချေ။
ထိုအခါ အာဠဝကဘီလူးကြီးသည် လက်နက်မျိုးစုံ စွဲကိုင်ထားသော နတ်ဘီလူးစစ်တပ်
ကြီးကို ဦးဆောင်ပြီး ဘုရားရှင်အား အနီးကပ် ထိုးနှက်ခုတ်သတ်ရန် ကြောက်မက်ဖွယ် အဆင်းအသံ အမျိုးမျိုးဖြင့် ဟစ်အော်ချီတက်လာလေသည်။
ရဲရဲပူသော သံတွေခဲ၌ ယင်ကောင်များ မနားဝံ့သကဲ့သို့ နတ်ဘီလူးစစ်တပ်ကြီးသည် မြတ်စွာဘုရားအနီးသို့ပင် မချဉ်းကပ်ရဲချေ။
မြတ်စွာဘုရားနှင့် ဘီလူကြီးတို့၏ ရန်စစ်ပွဲကို ကြည့်ရှုရန် မရေမတွက်နိုင်သော နတ်များလည်း ကောင်းကင်မလပ် ပြည့်ကျပ်နေတော့၏ ။
အာဠဝကဘီလူးကြီးသည် သန်းခေါင်ကျော်သည်တိုင်အောင် နည်းမျိုးစုံဖြင့် အဆက်မပြတ် တိုက်ခိုက်သော်လည်း မအောင်မြင်နိုင်သဖြင့် နောက်ဆုံး ဘွဲ့ဖြူလက်နက် (အဝတ်ပုဆိုးလက်နက်) ဖြင့် ပစ်ခတ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုလက်နက်သည် ကောင်းကင်သို့ ပစ်လွှတ်လျှင် တစ်ဆယ့်နှစ်နှစ်မိုးခေါင်စေ နိုင်၏ ။
မြေပြင်သို့ပစ်လွှတ်လျှင် သစ်ပင်များ ခြောက်သွေ့ပြီး တစ်ဆယ့်နှစ်နှစ်အတွင်း တစ်ဖန်ပြန်လည် မပေါက်နိုင်။ သမုဒ္ဒရာတွင်းသို့ ပစ်ခတ်ပါက သမုဒ္ဒရာရေများ ခန်းခြောက်ပြီး မြင်းမိုရ်တောင်လောက်ရှိ တောင်မျိုးကို ပစ်ခတ်ပါလျှင်လည်း အပိုင်းပိုင်း ပြတ်ကြွေကျသွားနိုင်လေသည်။
မြတ်စွာဘုရားအား တိုုက်ခိုက်မရနိုင်သည်မှာ မေတ္တာစိတ် ထားကြောင့် ဖြစ်သည်ဟု စဉ်းစားမိသည်နှင့် မြတ်စွာဘုရားအား မေတ္တာပျက်အောင် ပြုလုပ်ရန် ဆုံးဖြတ် လိုက်၏ ။
‘ အို ရဟန်းဂေါတမ..အဘယ်ကြောင့် ကျွနု်ပ်ခွင့်မပြုလဲ ဗိမာန်အတွင်းသို့ ကျူးကျော်ဝင်ရောက်နေဘိသနည်း၊ ဗိမာန်တွင်းမှ ယခုထွက်လော့’ ဟုဆိုသည်။
မြတ်စွာဘုရားက ကြမ်းတမ်းသူကို အကြမ်းနည်းဖြင့် တုံ့ပြန်၍ အောင်နိုင်ရိုးမရှိသည်ကို သိတော်မူသဖြင့် ‘‘ ကောင်းပါပြီ’’ ဟုဆိုကာ ဗိမာန်မှထွက်တော်မူသည်။
‘ပြောရ ဆိုရ လွယ်ကူသော ရဟန်းဂေါတမကို စစ်ထိုးမိလေပြီး’ ဟုအာဠဝက ဘီလူးကြီး စိတ်ဓာတ်သိမ်မွေ့လာသည်။ သို့သော် ‘ ရဟန်းဂေါတမသည် သဘောထား နူးညံ၍ ဗိမာန်မှထွက်သလော၊ အမျက်ဒေါသကြောင့် ထွက်သလော’ ဟုစုံစမ်းလို၍ ‘ရဟန်းဂေါတမ- ဗိမာန်တွင်းသို့ ဝင်ဦးလော့‘ ဟုဆိုပြန်သည်။
မြတ်စွာဘုရားက ‘ကောင်းပါပြီ’ ဟုဆို၍ ပြန်ဝင်သည်။ အာဠဝက ဘီလူးခိုင်းစေတိုင်း သုံးကြိမ်တိုင်တိုင်ပင် ထွက်တော်ဝင်တော်မူ၏ ။ ဘီလူးကြီးသည် ‘ မြတ်စွာဘုရားအား ထိုသို့ထွက်ဝင်ခိုင်း၍ တစ်ညလုံး ပင်ပန်းအောင်လုပ်ပြီးမှ ခြေထောက်နှစ်ချောင်း ဆွဲကိုင်ပြီး ဂင်္ဂါမြစ် တစ်ဘက်ကမ်းသို့ ပစ်ရမူ ကောင်းလေစွာ့’ ဟုကြံစည်လျက် ‘ ရဟန်းဂေါတမ ထွက်ဦးလော့’ ဟုလေးကြိမ်မြောက် ခိုင်းစေသောအခါတွင်မူ ဘီလူးကြီး၏ စိတ်အကြံကို သိတော်မူသဖြင့် ‘ သင်လုပ်လိုရာလုပ်တော့၊ ငါမထွက်’ ဟုမိန့်တော်မူ၏ ။
ထိုအခါ ဘီလူးကြီးက ‘ ရဟန်းဂေါတမကို ပြဿနာမေး၍ မဖြေနိုင်မှ ခြေထောက်ကိုဆွဲ ကိုင်ကာ ဂင်္ဂါမြစ်တစ်ဘက်ကမ်းသို့ ပစ်မည်’ ဟု ကြံစည်ပြန်သည်။
အာဠဝကဘီလူးကြီး၏ မိဘတို့သည် ကဿပမြတ်စွာဘုရားထံမှ တရားဓမ္မနှင့် စပ်သော အမေးအဖြေများကို သင်ယူခဲ့ပြီး အာဠဝကဘီလူးအား သင်ကြားပေးထားခဲ့ကြဖူးသည်။
ဘီလူးကြီးသည် ကာလကြာသောအခါ အဖြေကို မမှတ်မိတော့ချေ။ အမေးပုစ္ဆာများကိုမူ မေ့ပျောက်မည်စိုး၍ ရေးမှတ်ထားစေခဲ့သည်။ ထိုအမေးပုစ္ဆာ များကား ဘုရားရှင်တို့သာ ဖြေနိုင်သော အမေးပုစ္ဆာများ ဖြစ်၏ ။ ဘီလူးကြီးသည် မိမိဗိမာန်ကို စုံစမ်းကြည့်ရှုရန်ရောက်လာသော အခြားရသေ့ရဟန်းများအားလည်း ထိုအမေးပုစ္ဆာကို မေး၍မဖြေနိုင်လျှင် ခြေထောက်ကိုဆွဲကိုင်ပြီး ဂင်္ဂါမြစ်တစ်ဘက်သို့ ပစ်ခဲ့ဖူးလှပြီ။
ယခုလည်း မြတ်စွာဘုရားအား ထိုအမေးပုစ္ဆာ ပြဿနာ မေးမည်ဟုတောင်းဆို လာသည်ကို မြတ်စွာဘုရားက မေးခွင့်ပြုတော်မူလိုက်သည်။
`အိုရဟန်းကြီးဂေါတမ လောက၌ မြတ်သောဥစ္စာကား အဘယ်နည်း၊ အဘယ်အရာကို ကောင်းစွာကျင့်လျှင် ချမ်းသာစေနိုင်သနည်း၊ အဘယ်အရသာသည် အကောင်းဆုံးဖြစ်သနည်း၊ အဘယ်အသက်မွေးခြင်းကို အမြတ်ဆုံးဟု ဆိုရသနည်း’’။
အာဠဝကဘီလူးက ဤသို့ ပြဿနာကို မေးသည်။
‘‘ အာဠဝက…..လောက၌ မြတ်သော ဥစ္စာကား (ရတနာသုံးပါးနှင့် ကံ ကံ၏ အကျိုးကို ယုံကြည်သော) သဒ္ဓါတရားတည်း။ ချမ်းသာစေနိုင်သော တရားကား ကုသလကမ္မပထတရား
ဆယ်ပါးတည်း။ မုသာမပါ မှန်ရာကို ပြောဆိုခြင်းသည် အကောင်းဆုံးအရသာတည်း။ ပစ္စုပန်သံသရာကို မြော်မြင်သော ပညာဖြင့် အသက်မွေးခြင်းသည် အမြတ်ဆုံးတည်း’’ ဟု မြတ်စွာဘုရားက ချက်ချင်းဖြေဆိုတော်မူ လိုက်သည်။
မြတ်စွာဘုရားသည် ဘီလူးကြီးမေးသော အခြား မေးခွန်းများကိုလည်း ဆက်လက် ဖြေဆိုတော်မူလိုက်ရာ ဘီလူးကြီးသည် မြတ်စွာဘုရားရှင် မေတ္တာဖြင့် အမေးပုစ္ဆာများကို တစ်ခုပြီးတစ်ခု ဖြေဆို ဟောကြားသောတရားကို နာကြားရသောအခါ ဒေါသအမျက်ပြေကာ စိတ်နှလုံး နူးညံ့သိမ်မွေ့လာ၏ ။
နာရင်းနာရင်း အသိဉာဏ် အမြင်ရှင်းကာ သောတာ ပတ္တိမဂ်ဉာဏ် အလင်းကိုပင် ရရှိသွားခဲ့သည်။
နံနက်မိုးသောက်ချိန်တွင် တရားပွဲလည်းပြီးဆုံး၍ မင်းချင်းယောကျ်ားတို့လည်း အာဠဝီ မင်းကြီး၏သားငယ် အာဠဝကကို ဘီလူးစာပို့ရန် ဆိုက်ရောက်လာကြလေသည်။
မြတ်စွာဘုရားရှေ့မှောက်၌ မင်းချင်းများက ပေးကမ်းသည့်ကလေးငယ်ကို ယူရန်ရှက်နိုးသဖြင့် ဘုရားရှင်အား လှူလိုက်သည်။ ထိုသူငယ် ကြီးပြင်းလာသော အခါ သင်္ဂဟတရားလေးပါးကို လက်သုံးပြု၍ သာသနာတော် ထွန်းကားပြန့်ပွားအောင် စည်းရုံးကာ ဟောပြောနိုင်သော ‘‘ဟတ္ထာဠဝကသူကြွယ်’’ ဖြစ်လာခဲ့သည်။
ထိုမျှမက အာဠဝီတစ်ပြည်လုံး ထိတ်ရွံ့ကြောက်လန့် နေခဲ့ကြရသော အာဠဝီပြည်အနီး အာဠဝကဘီလူးကြီးရန်ကို အောင်မြင်တော်မူသောအခါ ဘီလူးကြီးသာမက အာဠဝီပြည်သူ ပြည်သားများနှင့် ရှစ်သောင်းလေးထောင်သော လူ နတ် ဗြဟ္မာတို့ပါ တရားသိမြင် ကျွတ်တမ်း ဝင်ခဲ့ကြလေသည်။
၅။ အင်္ဂုလိမာလကို အောင်တော်မူခြင်း
အင်္ဂုလိမာလကား သာဝတ္တိပြည် ကောသလမင်းကြီး၏ ပုရောဟိတ် ဘဂ္ဂဝပုဏ္ဏားနှင့် မန္တာဏီပုဏ္ဏေးမ၏သား ဖြစ်၏ ။ အင်္ဂုလိမာလကို မွေးဖွားသောညတွင် တစ်နိုင်ငံလုံးရှိ လက် နက်များ ထူးထူးခြားခြား အရောင်တောင်ပ ကြ၏ ။
ကောသလမင်းကြီး၏ အိပ်စက်ရာ ညောင်စောင်းရှိ လက်နက်လည်း အရောင်တောက်ပသဖြင့် မင်းကြီးကြောက်ရွံ့ပြီး စက်တော်မခေါ်နိုင်ချေ။
ဖခင်ပုရောဟိတ်ကြီးကား နက္ခတ်ကိုကြည့်ပြီး သူ၏သား ကြီးပြင်းသောအခါ လူဆိုးကြီး
ဖြစ်လိမ့်မည်ကို သိလေသည်။ နံနက်မိုးလင်း၍ မင်းကြီးထံ သွားရောက်စဉ် မင်းကြီးက ပုရောဟိတ်ကြီးအား လက်နက်အရောင်တောက်ပခြင်း၏ အကျိုးအပြစ်ကို မေးလျှင် ပုရော ဟိတ်ကြီးက-
‘‘အရှင်မင်းကြီးအတွက် စိုးရွံ့ဖွယ်မရှိပါ’’ ဤယနေ့ ကျွနု်ပ်အိမ်၌ သားယောကျာ်းလေး မွေးဖွား၍ လက်နက်များ အရောင်တောက်ခြင်း ဖြစ်ပါသည်၊ ထိုကလေးငယ် ကြီးပြင်း သောအခါ လူဆိုးကြီးဖြစ်မည့် နိမိတ်ဖြစ်ပါသည်’’ ဟု လျှောက်တင်သည်။
မင်းကြီးက-
‘‘တစ်ဦးတည်း ဆိုးမည်လော၊ အသင်းအဖွဲ့နှင့် ဆိုးမည်လော’’ ဟုမေးလျှင် ပုရောဟိတ်က-
‘‘တစ်ယောက်တည်းသာ ဆိုးပါလိမ့်မည်။ ကလေးကို သတ်တော်မူပါ’’ ဟုလျှောက်တင် သော်လည်း မင်းကြီးက ‘‘တစ်ဦးတည်း ဆိုးသွမ်းမည့် လူဆိုးဖြစ်က မှုဖွယ်မရှိ’’ ဟုမိန့်တော်မူပြီး ကောင်းမွန်စွာ မွေးမြူခွင့်ပြုသည်။
ထိုသားအား အဟိ ံသက (မညှဉ်းဆဲတတ်သူ) ဟုမှည့်ခေါ် ကြလေသည်။
အဟိ ံသကသည် အရွယ်ရောက်၍ တက္ကသိုလ်၌ ပညာသင်ယူစဉ် ဆရာကြီးဇနီးမောင်နှံ၏ တာဝန်ဝတ္တရား များကို ကျေပွန်စွာ ဆောင်ရွက်ပေးလေ့ရှိ၏ ။
ချစ်ခင်ဖွယ် ပြုမှု ပြောဆို ဆက်ဆံတတ်၏ ၊ ထို့ကြောင့်ဆရာ ကြီးနှင့်ဇနီးမောင်နှံတို့၏ ချစ်ခင်အရေးပေးမှု၊ ချီးမြောက်မှုကို အခြားကျောင်းသားများထက် ပိုမိုခံယူရရှိသည်။ ထိုအခါ အခြားကျောင်းသားများသည် အဟိ ံသကကို အနာလိုမရှုစိမ့်ဖြစ်လာပြီး ဆရာကြီး၏ဇနီးနှင့် မှာယွင်း လေဟန် ဆရာကြီးအားကုန်းချောကြလေသည်။ ပထမတွင် ဆရာကြီးမယုံကြည် သော်လည်း ပြောဖန်များလျှင် သံသယဝင်ကာ အဟိ ံသကအား သေကြောင်းကြံသည်အထိ ကုန်းချောစကားကို ယုံကြည်သွား၏ ။
တစ်နေ့ တွင် အဟိ ံသကကို ခေါ်၍-
‘‘အဟိ ံသက…..လူတို့၏ ညာလက်ညှိုးတစ်ထောင်ကို ဖြတ်ပြီးပါမှ သင့်ပညာပြီးဆုံးမည်’’ ဟု ပရိယာယ်ဖြင့် ပြောဆိုစေခိုင်းလိုက်သည်။
အဟိ ံသကသည် ဆရာကြီးစေခိုင်းချက်အရ လက်နက်စွဲကိုင်လျက် ဇာလိနတောအုပ်သို့ ဝင်ပြီး ခရီးသွားတို့ အား သတ်ဖြတ်ကာ လက်ညှိုးကို ဖြတ်ယူလေသည်။
ဖြတ်ပြီးသော လက်ညှိုးများကို သစ်ခက်၊ သစ်ခွအကြား တို့၌ ထားလေလျှင် ကျီး ဠင်းတတို့ ချီသွားသဖြင့် လက်ညှိုးတစ်ထောင် မပြည့်နိုင်ရှိလေ၏ ။ ထိုအခါ အဟိ ံသကသည် လက်ညှိုးများ မပျောက်ပျက်ရန် ကြိုးဖြင့် ပန်းကုံးသဖွယ်သီ၍ လည်ပင်း၌ ဆွဲထားလေသည်။ ထိုအခါမှစ၍ အင်္ဂုလိမာလ (လက်ညှိုးပန်းကုံးဆွဲသူ) ဟုအမည်တွင်လေသည်။
အင်္ဂုလိမာလရှိရာ တောအုပ်သို့ ဖြတ်သန်းသွားလာရန် ကိစ္စရှိလျှင် ယောကျာ်းများပင် လူလေးငါးဆယ်ပေါင်းစု၍ သွားကြရသည်။ မည်သို့ဖြစ်စေ သွားသူတိုင်းပင် အင်္ဂုလိမာလ လက်တွင်းမှာ ပျက်စီးကြရသည်။
နောက်ပိုင်းတွင် ထိုတောအုပ် သွားလာရဲသူ မရှိကြတော့ချေ၊ ထိုသို့သွားလာရဲသူမရှိသောအခါ အင်္ဂုလိမာလသည် ညဉ့်အခါ ရွာတွင်းသို့ဝင်၍ အိမ်တံခါးကို ခြေဖြင့်ကန်ဖွင့်ပြီး လူတို့ကို သတ်ကာ လက်ညှိုးများကို ဖြတ်ယူလေသည်။ အင်္ဂုလိမာလဘေး ရန်ကြောင့် လူတို့သည် ရွာငယ်မှ ရွာကြီးသို့ ပြောင်းရွေ့ကြ၏ ။
ရွာကြီးများ မလုံခြုံပြန်သော အခါ သာဝတ္တိမြို့အနီးသို့ ပြောင်းရွေ့ပြီး ခြံစည်ရိုး လုံခြုံစွာ ကာရန်၍နေထိုင်ကြရလေသည်။
နောက်ဆုံး တိုင်းသူပြည်သားများသည် အင်္ဂုလိမာလ လူဆိုးကြီးကို နှိပ်ကွပ်ရန် ကောသလမင်းကြီးအား တိုင်ကြားကြ၍ မင်းကြီးသည် တိုင်းပြည်သို့ စည်တီးကြေညာပြီး စစ်သားများကို စုဆောင်းစေသည်။
ထိုအကြောင်းကို မိခင်ပုဏ္ဏေးမကြီးကြားသိလျှင် မနေသာတော့ဘဲ သားသောကဖြင့် သားနှင့်တွေ့ရန် အိမ်မှ ထွက်ခဲ့လေသည်။
ထိုနေ့ကား လက်ညှိူးတစ်ထောင်ပြည့်ရန် တစ်ချောင်းသာလိုတော့သော နေ့ဖြစ်၏ ။
မိခင်လည်း တောထဲ သို့အလာ၊ အင်္ဂုလိမာလလည်း ပထမဆုံး တွေ့သူ၏ လက်ညှိုးကို ဖြတ်ယူရန် အသင့်စောင့်ဆိုင်းနေခိုက်၊ မြတ်စွာ ဘုရားသည် အင်္ဂုလိမာလလူဆိုးကြီး မိခင်ကို သတ်၍ အာနန္တရိယကံ ထိုက်တော့မည်ကို မြင်တော်မူသဖြင့် အင်္ဂုလိမာလရှိရာ တောအုပ်သို့ ကြွချီတော်မူလာသည်။
အင်္ဂုလိမာလသည် တောအုပ်သို့ ရှေးဦးစွာ ရောက်လာသူ မိခင်ကို တွေ့မြင်လျှင် လက်ညှိုးကို ဖြတ်ယူရန် လိုက်လေရာ မြတ်စွာဘုရားက အင်္ဂုလိမာလနှင့် မိခင်အကြားသို့ ကြွဝင်တော်မူလေ၏ ။ ထိုအခါ အင်္ဂုလိ မာလသည် မိခင်နောက် မလိုက်တော့ဘဲ မြတ်စွာဘုရား နောက်သို့ လိုက်လေ၏ ။
အင်္ဂုလိမာလကား ပြေးနေသော ဆင် မြင်း သားသမင် ကိုပင်မီအောင်လိုက်၍ ဖမ်းယူနိုင်လောက်အောင် အား ခွန်ဗလ စွမ်းသန်သူဖြစ်၏ ။ မြတ်စွာဘုရားကား ထိုထက် အားခွန်ဗလ များစွာ သာလွန်သော အားတော်ဆယ်တန် ပိုင်ရှင်ဖြစ်၍ အင်္ဂုလိမာလ မည်သို့ပင် လိုက်သော်လည်း မြတ်စွာဘုရားကို မမီနိုင်ချေ။
အင်္ဂုလိမာလသည် မြတ်စွာဘုရားကို မမီနိုင်ဘဲ ချွေးဒီးဒီးကျကာ မောပန်းလာသဖြင့် အပြေးလိုက်ရာမှ ရုတ်တရက် ရပ်တန့်ပြီး-
“အို ရဟန်း…ရပ်လော့၊ ရပ်လော့’’ ဟုဆိုသည်။
မြတ်စွာဘုရားက-
“အင်္ဂုလိမာလ….ငါကား ရပ်နေ၏ ။ သင်သည်သာ ရပ်လော့’’ ဟုမိန့်တော်မူသည်။
အင်္ဂုလိမာလသည် မြတ်စွာဘုရားဆိုလိုသည်ကို နားမလည်နိုင်သဖြင့်
“အို ရဟန်း….အသင်သည် သွားနေပါလျက် ငါရပ်နေသည်ဟုဆိုဘိ၏ ။ ရပ်နေသော အကျွနု်ပ်အားလည်း သင်သာရပ်လော့ဟု ဆိုပြန်သည်။ အဘယ်သို့ ဆိုလိုပါသနည်း’’ ဟုမေး လျှောက်သည်။
မြတ်စွာဘုရားက -
“အင်္ဂုလိမာလ….ငါကား မည်သည့်သတ္တဝါကိုမျှ သတ်ဖြတ်ညှဉ်းဆဲမှုမပြု ။ တုတ် လှံတံ ဓား လက်နက်တို့ကို အပြီးတိုင် ပယ်စွန့်ပြီးသူဖြစ်သည်။ သို့ဖြစ်၍ သံသရာ၌ မပြေးသွားရ တောချေ။ သင်ကား လူတို့ကို ညှဉ်းဆဲ သတ်ဖြတ်နေသူဖြစ်၍ သင့်ခြေက ရပ်နေသော်လည်း သင်သည် သံသရာတခွင်၍ ကျင်လည်ပြေးသွားရဦး မည့်သူ ဖြစ်သည်’’ ဟုမိန့်တော်မူ လေသည်။
အင်္ဂုလိမာလကား မြတ်စွာဘုရားအကြောင်းကို ကြားသိခဲ့ဖူး၏ ။ ဖော်ပြပါတရားစကား ကိုကြားနာလိုက်ရ သည်နှင့်မြတ်စွာဘုရားဖြစ်ကြောင်း ကောင်စွာသိလိုက်၏ ။ ‘ မြတ်စွာဘုရား သည် ငါ့ကိုချီးမြှောက်ရန် ဤတောအုပ်သို့ ကြွရောက်တော်မူလာပေသည် ဟုပီတိ သောမနဿများ တဖွားဖွား ဖြစ်ပေါ်လာလေသည်။
ချက်ချင်းပင် မိမိ၏ ဘဝအဖြစ်မှန်ကို ဆင်ခြင်မိကာ လက်နက်များကို အနီးရှိချောက်အတွင်းသို့ ပစ်လွှတ်လိုက်ပြီးလျှင် မြတ်စွာဘုရားအနီးသို့ ချဉ်းကပ်ကာ ရိုသေစွာ ရှိခိုးပြီး “ တပည့်တော်အား ရဟန်းပြုပေး တော်မူ ပါ’’ ဟုခွင့်ပန်လျှောက်ထားလေသည်။
မြတ်စွာဘုရားက အင်္ဂုလိမာလအား “ဧဟိ လိက္ခု’’ ခေါ်၍ ရဟန်းပြုပေးတော်မူရာ အင်္ဂုလိမာလသည် ဝိပဿနာ တရားကို ရှုပွားကာ မကြာမီပင် ရဟန္တာ ဖြစ်တော်မူလေသည်။
၆။ နာဠာဂီရိဆင်ကို အောင်တော်မူခြင်း
နာဠာဂီရိဆင်ကား ခက်ထန် ကြမ်းတမ်း၍ နေ့စဉ် သေရည် ရှစ်အိုးသောက်လေ့ရှိ၏ ။ လူကိုနင်းသတ် တတ်သော ဆင်ရိုင်းကြီးဖြစ်၏ ။
လက်ဝဲရံ လက်ယာရံ ရာထူး နှင်းအပ်မူနှင့်စပ်၍ မြတ်စွာဘုရားရှင်ပေါ် မကျေမနပ်ဖြစ်ကာ အမြဲရန်ရှာနေခဲ့သူ အရှင်ဒေဝဒတ်သည် လေးသမားတို့အားစေလွှတ်၍ မြတ်စွာဘုရားကို သတ်စေခဲ့သော်လည်း မအောင်မြင်။
ဂိဗ္ဈကုဋ်တောင်ပေါ်မှ ကျောက်တုံးလှိမ့် ချ၍ မြတ်စွာဘုရားကို ကိုယ်တိုင်လုပ်ကြံခဲ့သော်လည်း မသေ၊ ခြေမ တော်မှာ သွေးခြည်ဥရုံ လောက်သာ ဖြစ်ခဲ့သည်။ သို့ဖြစ်၍ ယခုတစ်ကြိမ်တွင်လည်း မြတ်စွာဘုရားကို နာဠာဂီရိ ဆင်ဖြင့် နင်းသတ်ရန် အဇာတသတ်ဘုရင်၏ အကူအညီကို ယူခဲ့သည်။
ဆင်ဆရာထံ ချဉ်းကပ်၍လည်း နာဠာဂီရိဆင်အား ခါတိုင်းထက် တစ်ပြန်တိုး၍ သေရည်တစ်ဆယ့်ခြောက် အိုးတိုက် ကျွေးစေသည်။ မြတ်စွာဘုရား ရာဇဂြိုလ်မြို့တွင်းသို့ ဝင်လာချိန်၌ ဆင်ရိုင်းကြီးကိုလွှတ်၍ နင်းသတ်စေရန် စီမံစေခိုင်းသည်။
ထိုအကြောင်းကို သိရှိနေကြသော ရာဇဂြိုလ်မြို့သူမြို့သားများသည် မြတ်စွာဘုရားက နာဠာဂီရိဆင်အား ဆုံးမတော်မူပုံကို ကြည့်ရှုလိုသဖြင့် မြေပြင်အနှံ့၊ အဆောက်အအုံများ၊ သစ်ပင်များ၊ အိမ်အမိုးများပေါ်ပါမကျန် နေရာယူ၍ စောင့်ကြို ကြည့်ရှုနေကြလေသည်။
မြတ်စွာဘုရားသည် ရာဇဂြိုလ်မြို့တွင်းသို့ နောက်ပါသံဃာတော်များနှင့် အတူစီတန်း
ညီညာ ကြွဝင်တော်မူလာ၏ ။ ထိုစဉ်အရှင်ဒေဝဒတ်၏ အစီအစဉ်အတိုင်းပင် နာဠာဂီရိဆင်ကို မြတ်စွာ ဘုရားထံသို့ လွှတ်သည်။ နာဠာဂီရိဆင်သည် လမ်းခရီး၌ မဲမဲမြင်ရာ အိမ်များ၊ လှည်းများကို ရိုက်ချိုးချေဖျက်ကာ ပတ်ဝန်းကျင်ကို သိမ့်သိမ့်ရိုက်ခတ်စေလျက် အမြီး နှာမောင်း တို့ကို မြှောက်ချီပြီး မြတ်စွာဘုရားထံသို့ ပြေးဝင် ်လာ၏ ။
အရှင်သာရိပုတ္တရာနှင့် မဟာသာဝကရှစ်ကျိပ်တို့က နာဠာဂီရိဆင်ကို ဆုံးမလိုကြောင်း အသီးသီး ခွင့်တောင်း ကြသော်လည်း မြတ်စွာဘုရားက ခွင့်ပြုတော်မမှုချေ။ ချစ်ကြည်ညိုစိတ် အားကြီးသော ညီတော်အာနန္ဒာကမူ သေလိုသေဟု မြတ်စွာဘုရားရှေ့မှ ကွယ်၍ရပ်လာ၏ ။
မြတ်စွာဘုရားက ဖယ်ရှားရန် သုံးကြိမ်တိုင်တိုင် မိန့်ကြားသော်လည်း မဖယ်သဖြင့် တန်ခိုးတော်ဖြင့် ညီတော်အာနန္ဒာကို ဖယ်ရှားကာ သံဃာအကြားသို့ ပို့တော်မူသည်။
သားသည်မိခင်တစ်ဦးသည် နာဠာဂီရိဆင်ကို ကြောက်လန့်သဖြင့်ပြေးလွှားစဉ် လွတ်အံ့မထင်၍ သားငယ်ကို မြတ်စွာဘုရားနှင့် ပြေးလာနေသောနာဠာဂီရိဆင် အကြားမှာ ပစ်ချထွက်ပြေးသွား၏ ။
နာဠာဂီရိဆင်သည် ထိုမိန်းမနောက်သို့ လိုက်သောလည်း အလှမ်းဝေးသဖြင့် မမီနိုင်၍ တစာစာအော်ငိုနေသော သားငယ်ရှိရာဘက်သို့ ဦးလှည့်ပြေးလာ ပြန်သည်။
မြတ်စွာဘုရားသည် “ တစ်လောကလုံးသို့ ဖြန့်ကြက်ထားနိုင်သော အနန္တ မေတ္တာဓာတ် တော်ကို နာဠာဂီရိဆင်တစ်ကောင်တည်း အပေါ်၌သာ သီးခြားရည်စူးကာ လွှမ်းခြုံပို့လွှတ်တော် မူသည်’’ ။
ထို့နောက် ချိုကြည်အေးမြသည့် အသံတော်ဖြင့်
“နာဠာဂီရိ….သင့်အား သေရည်တစ်ဆယ့်ခြောက်အိုးတိုက်၍ လွှတ်ခြင်းမှာ အခြားသူ များကို နင်းသတ်ရန်မဟုတ်။ ငါဘုရားကို နင်းသတ်ရန်သာဖြစ်သည်။ ငါဘုရားထံသို့ လာလော့’’ ဟု မိန့်တော်မူသည်။
နာဠာဂီရိဆင်သည် မြတ်စွာဘုရား၏ အနန္တမေတ္တာဓာတ်စွမ်းအားကို ထိတွေ့ ခံစားရလေ ပြီ၊ သူသည် မူးယစ်ရီဝေလျက်က မျက်လုံးကိုဖွင့်ကြည့်ရာ မြတ်စွာဘုရား၏ ကြည်ညိုဖွယ်ရုပ် အဆင်းကို မြင်တွေ့ရလေပြီ။ မြတ်စွာဘုရား၏ အအေးမြဆုံးသော မေတ္တာ၊ အချိုသာဆုံသော အသံတော်၊ ကြည်ညိုဖွယ် အကောင်းဆုံးသော ကြန်အင်ရုပ်အဆင်းတော်တို့ကြောင့် နာဠာဂီရိဆင်သည် ချက်ချင်းပင် စိတ်ကောင်းဝင်ကာ သတိသံဝေဂ ရပြီး ခဏအတွင်းမှာပင် ယဉ်ကျေးသိမ်မွေ့လာသည်။
နာဠာဂီရိဆင်သည် မြတ်စွာဘုရားကိုသတ်ရန် မြှောက်ချီထားသောနှာမောင်းကို အောက်သို့ တဖြည်းဖြည်းချ၏ ။ မြတ်စွာဘုရားထံသို့ ဖြည်းညင်းစွာတို့ရွှေ့သွားပြီး ခြေထောက်ရင်း၌ ပုဆစ်တုပ်လျက် အရိုအသေပြုသည်။
မြတ်စွာဘုရားက နာဠာဂီရိဆင်၏ ဦးခေါင်းပေါ် လက်တော်တင်လျက် သတ္တဝါများကို မေတ္တာထားရန်၊ ဒုစရိုက်မှုကို မပြုရန်ဟောပြဆုံးမတော်မူသည်။
လူထုပရိသတ်ကြီးကား သဲသဲလှုပ် ကောင်းချီးပေးကြ၏ ။
အမျိုးမျိုးသောရတနာတန်
ဆာများကို နာဠာဂီရိဆင်ဆီသို့ လှမ်းပစ်ပေး၍ လက်ဆောင်ဖွဲ့ကြသည်။ ရတနာများသည် နာဠာဂီရိ ဆင်တစ်ကိုယ်လုံးကို ဖုံးမတတ်ရှိ၏ ။
ထိုအခါမှစ၍ နာဠာဂီရိဆင်သည် “ဓနပါလ’’ဟု အမည်တွင်လေသည်။
နာဠာဂီရိဆင်သည် မြတ်စွာဘုရားကို အရိုအသေပြုကာ နောက်သို့တဖြည်းဖြည်းဆုတ် လျက်သူ၏ဆင် တင်းကုပ်ဆီသို့ ပြန်သွားလေတော့သည်။
၇။ နန္ဒောပနန္ဒ နဂါးကို အောင်တော်မူခြင်း
နန္ဒောပနန္ဒ နဂါးမင်းကား နတ်နဂါးမျိုးနွယ်ဖြစ်၏ ။ အလွန်ကြီးကျယ်သော ကိုယ်ခန္ဓာ ကို ဖန်ဆင်းနိုင်၏ ၊ အလွန် ပြင်းထန်သော အခိုးအငွေ့များ၊ မီးလျှံများ ၊နှာခေါင်းလေများကို လွှတ်လျက် သတ္တဝါများကို သတ်ဖြတ်နိုင်၏ ။ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကိုမသိ ၊ မိစ္ဆာအယူကို စွဲယူ၏ ။
သူသည် နတ်နဂါးတို့စီစဉ်ထားသော သေသောက်ပွဲသဘင်ကို ပျော်ရွင်ခံစားရန် နတ်ပလ္လင်ထက်မှာ နတ် နဂါးမင်းတို့၏ ဣန္ဒြေဖြင့် ထိုင်နေလေသည်။ သူ့အား နတ်ထီးဖြူကြီးကို ဆောင်မိုးပေးထားကြ၏ ။ အကြီးအ လတ် အငယ် အရွယ်စုံ နတ်နဂါးမ ကချေသည်များ၊ အခြွေအရံ နတ်နဂါးပရိသတ်များက သူ့အား ဝန်းရံ ခစား နေကြလေသည်။
ထိုနေ့တွင် မြတ်စွာဘုရားသည် လောကရှိ ကျွတ်ထိုက်သော သတ္တဝါများကို မဟာကရုဏာဉာဏ်တော်ဖြင့် ကြည့်တော်မူသောအခါ နန္ဒောပနန္ဒ နဂါးမင်းကို မြင်တော်မူ၍ နောက်ပါ ရဟန်းငါးရာနှင့်အတူ နန္ဒောပနန္ဒ နဂါး မင်း၏ သေသောက်ပွဲသဘင်း အခမ်းအနားပေါ်မှ ဖြတ်ကျော်၍ တာဝတိ ံသာ နတ်ပြည်သို့ ကြွချီ တော်မူလေသည်။
နန္ဒောပနန္ဒ နဂါးမင်းသည် မြတ်စွာဘုရားနှင့် သံဃာတော်များကို မြင်လျှင်-
“ဤရဟန်းတို့သည် ငါတို့ထက်မှ တာဝတိ ံသာနတ်ပြည်သို့ ဝင်ထွက်သွားလာလေ့ရှိ ကြ၏ ၊ ယခုလည်း ငါတို့ အပေါ်သို့ ခြေမှုန့်များ ကြဲချလျက်သွားကြပြန်သည် ၊ ဤရဟန်းတို့အား သွားခွင့်မပေးတော့အံ့’’ ဟုဒေါသ တကြီးပြောဆို ဆုံးဖြတ်၏ ။
ထို့နောက် ရတနာပလ္လင်ထက်မှထ၍ မြင်းမိုရ်တော်ခြေသို့ သွားပြီးလျှင် အလွန် ကြီးမားသော ကိုယ်ခန္ဓာကြီး ကိုဖန်ဆင်းလျက် မြင်းမိုရ်တော်ကို ခုနစ်ပတ်ရစ်ပတ်၏ ။ အလွန်ကြီးမားသော ပါးပျဉ် ကြီးဖြင့် တာဝတိ ံသာနတ်ပြည်ကို မမြင်ရအောင် ဖုံးအုပ်ကွယ်ကာလျက် အမှောင်ထုကြီး ကိုဖန် ဆင်းထားလေသည်။
မြင်းမိုရ်တောင်၊ တောင်ရံခုနှစ်လုံး ၊တာဝတိ ံသာနတ်ပြည်၊ ဝေဇတန္တာပြာသာဒ် ၊ သိကြားမင်းအလံတော်များကို မမြင်ရသောအခါ အရှင်ရဋ္ဌပါလ က မြတ်စွာဘုရားကို မေးလျှောက်၏။
မြတ်စွာဘုရားက မိန့်ကြားသဖြင့် နန္ဒော ပနန္ဒ နဂါးမင်းကြောင့်ဟု သိရသောအခါ အရှင်ရဋ္ဌပါလ ၊ အရှင်ဘဒ္ဒိယ ၊ အရှင်ရာဟုလာ စသော ရဟန်းတော် များက နဂါးမင်းကို ဆုံးမခွင့်တောင်းကြသည်။
မြတ်စွာဘုရားက ခွင့်ပြုတော်မမူ၊ အရှင်မောဂ္ဂလ္လာန် ခွင့်တောင်း သောအခါမှသာ ခွင့်ပြုတော်မူ၏ ။
အရှင်မောဂ္ဂလ္လန်သည် နဂါးမင်းထက် ပိုမိုကြီးမားသောကိုယ်ခန္ဓာကို ဖန်ဆင်းလျက် နဂါးမင်း၏အခွေပေါ်မှ တစ်ဆယ့်လေးပတ်ရစ်ပတ်လိုက်၏ ။
ပိုမိုကြီးမားသော ပါးပျဉ်းကြီးဖြင့် နဂါးမင်း၏ ပါးပျဉ်းပေါ်အုပ်မိုးပြီး နဂါး မင်းကြီးကို မြင်းမိုရ်တော်ဖြင့် ဖိညှပ်ထား၏ ။ နဂါးမင်းက အလွန်ပြင်းထန်သော အခိုးအငွေ့များကိုလွှတ်သော အခါ အရှင်မောဂ္ဂလ္လန်ကလည်း ထို့ထက် ပိုမိုပြင်းထန်သော အခိုးအငွေ့ကို လွှတ်၏ ။
နဂါးမင်းက မီးအလျှံများ ကို လွှတ်ပြန်လျှင်လည်း အရှင်မောဂ္ဂလ္လန်က ပိုမိုပြင်းထန်သော မီးအလျှံများကို လွှတ်ပြန်၏ ။ နဂါးမင်း၏ အခိုး အငွေ့နှင့် မီးလျှံများသည် အရှင်မောဂ္ဂလ္လန်ကို မည်သို့မျှ အထိခိုက်စေနိုင်သော်လည်း အရှင်မောဂ္ဂလ္လန်
လွှတ်သောအခိုးအငွေ့များသည် နဂါးမင်းကို ပူလောင်ထိခိုက်စေလေသည်။
နဂါးမင်းက မည်သူနည်ဝါဖြစ်ကြောင်းမေး၍ အရှင်မောဂ္ဂလ္လန်ဖြစ်ကြောင်း ပြောလျှင်-
“ သို့ဖြစ်လျှင် ပကတိရဟန်းအသွင်ပြလော့’’ ဟုနဂါးမင်းက ဆိုသဖြင့် အရှင်မောဂ္ဂလ္လန် သည် ပကတိရဟန်း အသွင်ဖြင့် နဂါးမင်း၏ လက်ယာနားမှ ဝင်၍ လက်ဝဲနားဖြင့် ထွက်၏ ။ လက်ဝဲနားမှ ဝင်၍ လက်ယာနား ဖြင့်ထွက်၏ ။ နဂါးမင်း၏ နှာခေါင်းပေါက်ဝမှ ဝင်၍ လက်ယာလက်ဝဲနားတို့မှ ထွက်၏ ။ နဂါးမင်း၏ ခံတွင်းမှဝင် ၍ ဝမ်းတွင်း၌လည်း လူးလာတုံ့ခေါက်စင်္ကြ ံလျှောက်ပြ၏ ။
ထိုစဉ်မြတ်စွာဘုရားက-
“ချစ်သား မောဂ္ဂလ္လန်…ကြပ်ကြပ် သတိထားလော့၊ နဂါးမင်းသည် အလွန်တန်ခိုးကြီးပေ
၏’’ ဟု သတိပေးတော်မူ၍ -
“မြတ်စွာဘုရား- တပည့်တော်သည် ဣဒ္ဓိပါဒ်လေးပါး၊ အလေ့အကျင့်ဝသီဘော် ငါးမျိုးတို့ကို နိုင်နိုင်နင်းနင်း ပွားများပြီးဖြစ်ပါသည်။ နန္ဒောပနန္ဒ ကဲ့သို့ နဂါးမင်းပေါင်း အထောင်အသိန်းကိုသော်လည်း ဆုံးမေနိုင်ပါသည်’’ ဟု အရှင်မောဂ္ဂလ္လန်က ပြန်လည်လျှောက်ထားလေသည်။
နဂါးမင်း၏ ဝမ်းတွင်း၌ အရှင်မောဂ္ဂလ္လန် စင်္ကြ ံလျှောက်နေစဉ် နဂါးမင်းက “ယခုတစ်ခါ ထွက်လာလျှင် အရှင် မောဂ္ဂလ္လန်ကို ကျွတ်ကျွတ်ဝါး၍ စားပေအံ့’’ ဟုကြံစည်ပြီး “အရှင်ဘုရား အပြင်ထွက်ပါလော့’’ ဟုဆို၏ ။
အရှင် မောဂ္ဂလ္လန် အပြင်ထွက်၍ ရပ်တော်မူစဉ် နဂါးမင်းသည် အလွန်ပြင်းထန်သော နှာခေါင်းလေကို မှုတ်၏ ။ အရှင် မောဂ္ဂလ္လန်က စတုတထ္ထဈာန်ကို လျင်မြန်စွာ ဝင်စား၍ ကာကွယ်လိုက်သည်။
အခြားရဟန်းတော်များသည် တန်ခိုးပြာဋိဟာတို့ကို များပြားစွာပြသနိုင်စွမ်းရှိ သော်လည်း ယခုကဲ့သို့ နှာခေါင်းလေမှုတ်ခြင်းကို လျင်မြန်စွာကာကွယ်ရာ၌ကား မြတ်စွာဘုရားမှတပါး အရှင်မောဂ္ဂလ္လန်သာ စွမ်း နိုင် သဖြင့် မြတ်စွာဘုရားက အရှင်မောဂ္ဂလ္လန်ကိုသာ ဆုံးမခွင့် ပြုခြင်းဖြစ်လေသည်။
ထို့နောက် အရှင်မောဂ္ဂလ္လန်သည် ဂဠုန်ငှက်မင်းအသွင် ဖန်ဆင်း၍ အလွန်ပြင်းထန်သော လေအဟုန်ကို တိုက် ခတ်ပြလိုက်၏ ။ နဂါးမင်းကြောက်၍ ပြေးလေလျှင် နောက်မှ အစဉ်တစိုက်လိုက်၏ ။ နဂါးမင်းသည် ပြေး၍ မလွတ်နိုင်ကြောင်းသိလျှင် လုလင်ငယ်၏အသွင် ဖန်ဆင်း၍-
“အရှင်ဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏’’ ဟုလျှောက်ကာ အရှင်မောဂ္ဂလ္လန်၏ ခြေတော်အစုံကို ရိုသေစွာ ရှိခိုး လေသည်။
ထိုစဉ်အရှင်မောဂ္ဂလ္လန်က -
“နန္ဒောပနန္ဒ ……မြတ်စွာဘုရား ကြွတော်မူလာပြီ၊ လာလော့၊ မြတ်စွာဘုရားထံ သွားကြစို့’’ ဟုမိန့်ဆိုကာ နဂါး မင်းကို မြတ်စွာဘုရားထံ ခေါ်ဆောင်သွားလေသည်။
မြတ်စွာဘုရားထံရောက်လျှင် နဂါးမင်းက ရိုသေစွာ ရှိခိုးပြီး-
“မြတ်စွာဘုရား…….အရှင်ဘုရားတို့ကို တပည့်တော် ကိုးကွယ်ဆည်းကပ်ပါ၏ ’’ ဟု လျှောက်ထားကာ သရဏဂုံ ဆောက်တည်၍
ဥပါသကာအဖြစ်ခံယူလေသည်။
၈။ ဗကဗြဟ္မာကို အောင်တော်မူခြင်း
ဗကဗြဟ္မာသည် ပထမဈာန်ဘုံ၌နေသော မဟာဗြဟ္မာကြီးဖြစ်၏ ။ သူ၏တန်ခိုး အာဏာသည် လောကဓာတ် စကြဝဠာပေါင်း တစ်ထောင်အတွင်း၌ ပျံ့နှံ့၏ ။ ကျော်စောသတင်း ကြီး၍ အချွေအရံလည်း များပြား၏ ။
သူ သည်ဗြဟ္မာဘုံ၌ အနေကြာလာခဲ့ သဖြင့် အတိတ်ဖြစ်စဉ်များကို မေ့ပျောက်ပြီး ဤကိုယ်ခန္ဓာနှင့် ဗြဟ္မာ လောက သည် မပြိုမကွဲ အစဉ်မြဲ၏ ၊ ထာဝရခိုင်ခံ့ တည်တံ့၏ - စသည်ဖြင့် သဿသမိစ္ဆာအယူကို စွဲယူလေသည်။
မြတ်စွာဘုရားသည် ဥက္ကဋ္ဌမြို့ ၊ သုဘဂတောအုပ် ၊ အင်ကြင်းပင်ရင်း၌ သီတင်းသုံးနေ တော်မူစဉ် ဗကဗြဟ္မာ၏ မိစ္ဆာဒိဌိစိတ်အကြံကို သိတော်မူ၍ ဗကဗြဟ္မာကြီးကိုု ဆုံးမကယ်ချွတ်ရန် ဗြဟ္မာပြည်သို့ ကြွတော်မူသည်။
မြတ်စွာဘုရားကိုမြင်လျှင် ဗကဗြဟ္မာကြီးက နှုတ်ခွန်းဆက်စကားကို ပြောဆိုပြီးနောက်-
“ဤခန္ဓာကိုယ်နှင့် ဗြဟ္မာလောကသည် မပြိုမကွဲ အစဉ်အမြဲ၏ ၊ ထာဝရခိုင်ခံ့တည်တံ့၏’’ စသည်ဖြင့် သူ၏ သဿသမိစ္ဆာဒါဌိအယူကို ပြောဆိုသည်။
ထက်ရပ် ဝန်းကျင်မှ ရောက်လာကြသော ဗြဟ္မာပရိသတ်ရှေ့မှာ မြတ်စွာဘုရားက-
“အချင်းတို့…..ဗကဗြဟ္မာသည် မိုက်မဲလှ၏ ၊ ဗကဗြဟ္မာသည် မမြဲသောတရားကို မြဲ၏ ဟုဆို၏ ။ မခိုင်ခံ့ မတည်တံ့ ၊ ပြီးပြည်စုံခြင်းမှရှိ၊ မရွေ့လျောတတ်ဟုဆိုလေသည်။ (ပထမဈာန်) ဗြဟ္မာဘုံလောက၌ ပဋိသန္ဓေ နေသူ၊ အိုသူ၊ သေသူ၊ ရွေ့လျားသူ၊ တဖန်ရောက် လာသူများ ရှိနေပါလျက် မရှိဟုလည်းဆို၏ ၊ ဤ ပထမဈန်လောကမှ တပါး ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် ဗြဟ္မာဘုံလောကများ၊ မဂ်ဖိုလ်နှင့် နိဗ္ဗန်ဟူသော သာလွန် မြင့်မြတ် သောထွက်မြောက်ရာ များရှိပါလျက် မရှိဟုလည်းဆို၏’’ စသည်ဖြင့် ဗကဗြဟ္မာကြီး၏ မိစ္ဆာဒိဌိအယူမှားကို သုံးသပ်ဝေဖန်၍ ဟောပြတော်မူလေသည်။
ထိုအခါ ဗကဗြဟ္မာက သူသည် အမှန်ကိုသာ ယူဆပြောဆိုခြင်း ဖြစ်ကြောင်း မြတ်စွာဘုရား၏ မိန့်ဆိုချက်ကို ငြင်းပယ်လေသည်။ ထို့ပြင်“ ရဟန်းကြီး……ဤလောက၌ သင့်ထက်ရှေးကျသော သမဏဗြာဟ္မဏတို့သည် ဤခန္ဓာကိုယ်နှင့် ဗြဟ္မာလောကမှ တပါးအခြားလွတ်မြောက်ရာ ရှိ မရှိကို သိကြ၏ ။
သင်သည် အခြားလွတ် မြောက်ရာကို တွေ့လိမ့်မည်မဟုတ်’’ ဟုပြောဆိုပြန်လေသည်။ မြတ်စွာဘုရားက-
“ဗြဟ္မာ…ဤပထမဈာန်ဘုံလောကမှ တပါးသော ဘုံဘ၀ လောကများရှိသေးသည် သာ။ သင်သည် အာဘဿရ ဗြဟ္မာ့ဘုံဘဝမှ စုတေခဲ့၍ ဤပထမဈာန်ဘုံဘဝသို့ ရောက်လာ ရသူဖြစ်၏ ။
သင်သည် ဤ ဘုံဘဝ၌ အနေကြာခဲ့၍ သတိမေ့နေခြင်း ဖြစ်သည်။ ထိုအာဘဿရဘုံဘဝကို သင်ကမသိမမြင်တော့သော်လည်း ငါဘုရားသိမြင်၏’’ ဟုထုတ်ဖော် ဟောပြတော်မူလေသည်။
ထိုမျှမက ဗကဗြဟ္မာ၏ ရှေးဘဝက ကျင့်ခဲ့သော တရားများ၊ ဝေဟပ္ဖိုလ်ဘုံ၊ သုဘကိဏှဘုံ ၊ အာဘ ဿရ ဘုံများ၌ ဗကဗြဟ္မာဖြစ်ခဲ့ ပုံများ၊ ရှေးလူဘဝတွင် ဗကဗြဟ္မာလောင်း ရသေ့ကြီး ပြုလုပ်ခဲ့သော ကုသိုလ် ကံများ ကိုပါ အကျယ်တဝင့် ဟောပြတော်မူလေရာ ဗကဗြဟ္မာကြီးသည် အတိတ်ဘဝဖြစ်စဉ်များိကု ထင်မြင်မှတ်မိ သတိရလာလေ၏ ။
ထို့ပြင် မြတ်စွာဘုရားက ပထဝီဓာတ်စသော သဘောတရား အားလုံးတို့၏ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်ပုံနှင့် နိဗ္ဗန်သဘောကို ဆက်လက်ဟောပြတော်မူရာ-
ဗကဗြဟ္မာကြီးသည် မိမိ၏ သဿသမိစ္ဆာဒိဌိအယူဝါဒကို စွဲမြဲစွာ ဆုပ်ကိုင်မထားနိုင် တော့ချေ။ သို့ရာတွင် မိမိ၏အရှုံးကို ဖုံးကွယ်လို၍ တန်ခိုးချင်းပြိုင် ရန်ပြောဆိုသည်။
“ရဟန်းကြီး…..သင်၏ အရှေ့မှောက်၌ ယခုပင် ကျွနု်ပ်ကွယ်လိုက်မည်၊ တွေ့အောင်ရှာလော့’’ ဟု ဗကဗြဟ္မာကြီးက ပြောဆိုလျှင် မြတ်စွာဘုရားက “သင်စွမ်းနိုင်လျှင် ကွယ်လိုက်လော့’’ ဟုမိန့်ဆို၍ ဗကဗြဟ္မာကြီး၏ ကိုယ်ကို ကွယ်ဖျေက်၍ မရအောင် တန်ခိုးဖြင့် တားတော်မူလိုက်သည်။
ဗကဗြဟ္မာကြီးသည် မည်သို့မျှ ကိုယ်ကို ကွယ်ပျောက်အောင် မပြုလုပ်နိုင်ချေ။ ဗကဗြဟ္မာကြီးသည် ကိုယ်ကို အမှောင်ထုဖြင့် ဖုံးလွှမ်းလိုသဖြင့် အမှောင်ထုကြီးကို ဖန်ဆင်းပြန်လေသည်။ မြတ်စွာဘုရားက အမိုက် မှောင်ထု ကိုလည်း တန်ခိုးဖြင့်ပယ်ဖျက်ပစ် တော်မူ၏ ။
ဗကဗြဟ္မာကြီးသည် မြတ်စွာဘုရားရှေ့မှာ ကိုယ်ကို ကွယ်ပျောက်အောင် မစွမ်ဆောင်နိုင်သဖြင့် ဘုံဗိမာန်နှင့် ပဒေသာပင်အတွင်းသို့ ဝင်၍ ပုန်းအောင်းနေ၏ ။ သို့ရာတွင် သူ့ကို ဗြဟ္မာပရိသတ်က မြင်နေကြရ၏ ။ မကြံသာသည့်အဆုံး ဆောင့်ကြောင့် ကုပ်ကုပ် ကလေးထိုင်နေသော ဗကဗြဟ္မာကို မြင်နေကြရသော ဗြဟ္မာပရိသတ်များအဖို့ ရယ်ရွှင်ဖွယ် ဖြစ်နေတော့၏ ။
ဗြဟ္မာများက ပြောင်လှောင်သဖြင့် ဗကဗြဟ္မာကြီး မျက်နှာ အသာအယာ ရှိလေ၏ ။
“ဗြဟ္မာ…….သင် မပုန်းကွယ်နိုင်လျှင် ငါဘုရားပုန်းကွယ်ပြမည်’’ ဟုမြတ်စွာဘုရားက မိန့်တော်မူပြီး ဗြဟ္မာပရိသတ်၏ ရှေ့မှောက်မှာ ခန္ဓာကိုယ်တော်ကို ကွယ်ပျောက်စေတော်မူ လေသည်။
မြတ်စွာဘုရားကို မည်သူမျှမမြင်ကြရတော့ချေ။ မြတ်စွာဘုရားက ထိုသို့ ကွယ်ပျောက်နေလျက် ကပင်တရားဓမ္မကို ဟောပြတော်မူလေ၏ ။
“အို ဗြဟ္မာအပေါင်းတို့- ငါဘုရားသည် ကာမ ရူပ အရူပ ဘုံဘဝတို့၌ ပဋိသန္ဓေ နေကြသူတို့၏ အို နာ သေ ဘေးကို သိမြင်တော်မူ၏ ၊ နိဗ္ဗာန်ကို ရှာဖွေရင်း လမ်းမှားနေကြသော သတ္တဝါတို့၏ ထိုထို ဘုံဘဝတို့၌ မရပ်မနား ဖြစ်ပွားကြရခြင်း၊ ဆင်းရဲဒုက္ခ၌ စွဲလမ်းနေခြင်းကို လည်း မြင်တော်မူ၏ ။ ထို့ကြောင့် ငါဘုရားသည် မြဲ၏ဟု အထင်မမှားတော့ပြီ။ ထိုထိုဘဝတို့၌ စွဲလမ်းတတ်သော တဏှာကိုလည်း မဂ်လေးပါးဖြင့် ပယ်ဖြတ်ပြီးဖြစ်၍ စွဲလမ်းတပ်မက်မှု ကင်းကွာခဲ့ချေပြီ’’ ။
ဗြဟ္မာပရိသတ်သည် မြတ်စွာဘုရား၏ ရုပ်ဆင်းတော်ကို မမြင်ရဘဲ သာယာချိုမြိန်သော အသံတော်ကိုသာ ကြားနေကြရလေ၏ ။ မြတ်စွာဘုရား ဟောကြားသော တရားတော်ကို နာယူရသဖြင့် ဗြဟ္မာအများ တရားသိမြင်ကျွတ်တမ်း ဝင်ကြလေသည်။
ဗကဗြဟ္မာကြီးလည်း မြတ်စွာဘုရား၏ ဂုဏ်တော်များကို ချီးမွမ်းပြောဆိုပြီး မိစ္ဆာအယူကို စွန့်လေတော့သည်။
စာရေးသူမှတ်ချက်။ ။ ဓမ္မမိတ်ဆွများ ဗဟုသုတ ရနိုင်ကြပါစေ။
kyawkyawoo81.blogs
မှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ
---------------------------------------
အောင်ခြင်းရှစ်ပါး ဂါထာတော်
မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။
နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။
ယောဇိနော=အကြင်ငါးမာရ်ပယ်ဘိ ဂုဏ်သတ္တိကြောင့် ဇိနအမည် ရွှေဘွဲ့တော်ချီအပ်သော မြတ်စွာဘုရားသည်။
၁။ မာရံ=ယူဇနာတရာ့ငါးဆယ် အံ့ဖွယ်ကြီးဘိ ဂိရိမေခလာ မည်သာတွင်ခြင်း နတ်ဆင်မင်းထက် စီးနင်းတက်၍ ကြောက်မက်ဖွယ်သာ စစ်ဗိုလ်ပါနဲ့ ဝဲယာစီယှက် လက်ရုံးတထောင် ဖန်ဆင်းဆောင်၍ နိုင်ယောင်စစ်ထိုး ကျော်လွံ့ဟိုးသား တန်ခိုးတောက်ပ တေဇထန်ပြင်း မာရ်နတ်မင်းကိုလည်းကောင်း။
၂။ ယက္ခံ=စွယ်ရှည်ငေါငေါ မြင်သူမောမျှ နက်ကျောနီကျင် မွေးမျှင်မုတ်ဆိတ် ဖွားလျားမြိတ်သား လန့်ထိတ်ဖွယ်သာ ကြီးဧရာနှင့် သင်္ချာမြားမြောင် လေးထောင်သုံးရာ နှစ်ဆယ်သာအောင် များစွာလူသား နေ့တိုင်းစားသည့် စွမ်းအားကြီးလှ အာဠာဝကတွင်ခြင်း ဘီလူးမင်းကိုလည်းကောင်း။
၃။ ဂဇံ=ဆယ့်ခြောက်မောင်းအိုး ဖြိုးဖြိုးပြည့်နှက် သေအရက်ကို တိုက်လျက်ထန်ပြင်း နင်းစိမ့်ရည်မှတ် ဒေဝဒတ်တို့ တိုက်လွှတ်သောအား ဘုရားမြတ်စွာ ဆွမ်းခံရာ၌ ပက်ပါဦးတည် စူးစူးရည်၍ သတ်မည်ဧကန် အမြန်ပြေးလာ သံဆိုးစွာဖြင့် နာဠာဂီရိ မည်ရှိခေါ်တွင် မင်းစီးဆင်ကိုလည်းကောင်း။
၄။ စောရံ=သုံးယူဇနာ ရှည်စွာချင့်မှန်း ခရီးလမ်းကို မပန်းမဟိုက် မရှိုက်လျင်ပြင်း တဟုန်ခြင်းဖြင့် ပြေးနင်းစွမ်းနိုင် ပြိုင်သူဘက်ရှား လူအများကို ဓားလှံစွဲကာ ဖမ်းသတ်ကာလျှင် ယူခါလက်ညှိုး ကြိုးဖြင့်သီရုံး ပန်းကုံးအသွင် လည်ဝယ်ဆင်သောကြောင့် အင်္ဂုလိမာလ မည်ရတွင်ပြီး သူခိုးကြီကိုလည်းကောင်း။
၅။ စိဉ္စမာနဉ္စ=ပရိသတ်အား မြတ်ဘုရားလျှင် တရားဟောကာ နေစဉ်ခါ၌ သေချာပြေပြစ် ပတ်ရစ်ဖွဲ့နှောင် ကိုယ်ဝန်ဆောင်၍ ဘုန်းခေါင်လူ့ဖျား ကျွန်မအားကို ပြစ်မှားပြီးခါ ဘယ့်ကြောင့်သာလျှင် အိပ်ရာမပြင် သူတော်စင်သို့ မမြင်သော့ထွေ ဣန္ဒြေနှင့် နေသနည်းဟု အမှုဖွေရှာ စွပ်စွဲလာသော စိဉ္စမာမည်ထုတ် မိန်းမယုတ်ကိုလည်းကောင်း။
၆။ သစ္စကံ=ဝါဒတထောင် အာဂုံဆောင်၍ ဂုဏ်ရောင်လွှားပ မိုက်မာနကြောင့် အနိစ္စအနတ္တ သင်္ခါရကို နိစ္စအတ္တာ ထပ်၍သာလျှင် မြတ်စွာရှင်စော တရားဟောလည်း သဘောမကျ မှားလေစွဟု ရှုတ်ချခါခါ ပြစ်တင်လာသော မိစ္ဆာယူကြိုက် ပရိဗိုဇ်သစ္စက ကူဋဒန္တကိုလည်းကောင်း။
၇။ နာဂံ=လေးလျံရောင်စို တောင်မြင်းမိုရ်ကို ကိုယ်ဖြင့်ခုနစ်ထပ် ရစ်ပတ်ကာလွှမ်း တတ်နိုင်စွမ်းသော ကြမ်းထန်းခက်ထန် မျက်စောင်းမာန်နှင့် ပဌမံအာလိန္ဒ နေသမျှတလွှား နတ်နဂါးကို ပိုင်ကာစိုးရ တန်ခိုးပြသည့် နန္ဒောပနန္ဒတွင်ခြင်း နဂါးမင်းကိုလည်းကောင်း။
၈။ ဗကံ=သဿတဒိဋ္ဌိ မှားဘိအယူ မိစ္ဆာဟူသား ဘူဇဂမြွေ ကိုက်လေတုံလတ် အာဘဿရာ ဗြဟ္မာခပင်း တုံ့ဝပ်ခြင်းနှင့် ကြီးမင်းတေဇ တန်ခိုးပသား ဗကမည်သာ ထိုဗြဟ္မာကိုလည်းကောင်း။
အဇိနိ=တန်ခိုးဉာဏ်ရှိန် ဝရဇိန်စက်မြတ် အတုလွှတ်ဖြင့် မချွတ်အောင်တော်မူလေပြီ။
တံ တေဇသာ=ထိုသို့အောင်ခြင်း တရားမင်း၏ ထွန်းဝင်းတေဇော် အာနုဘော်ဖြင့်။
မေ=အကျွန်ုပ်အား။
ဇယျမင်္ဂလံ=ရောဂါဘေးဒဏ် ရန်မာန်ခပင်း စိုးရိမ်ခြင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်။
ဟောတု=စင်စစ်မသွေ ဖြစ်ပါစေသတည်း။
ပဇာ သဗ္ဗာ သုဿယန္တု၊ ဝုဋ္ဌဟန္တု သုမင်္ဂလာ။
ဒူသေန္တု ဒုဂ္ဂတိံ ဂါမိံ၊ ပူရေန္တု သဗ္ဗ ပါရမိံ။
ပဇာ သဗ်ဗာ=ကိုယျစီကိုယျင ကိုယျ့ဒသေ၌ ပြောျကွစပျရာ သတ်တဝါဟူသမြြှတို့သညျ။
သုဿယန္တု=အိပ်မက်ရာမက် ကောင်းစွာမက်၍ နှစ်သက်ကြည်သာ အိပ်စက်နိုင်ကြပါစေကုန်သတည်း။
သုမင်္ဂလာ=မင်္ဂလာကျက်သရေ ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်၍။
ဝုဋ္ဌဟန္တု=ကောင်းစွာမိုးသောက် အလင်းရောက်လျက် ထမြောက်နိုးကြားကြပါစေကုန်သတည်း။
ဒုဂ္ဂတိံ ဂါမိံ=အပါယ်ဒုဂ္ဂတိ ရောက်မည့်အကြောင်း မကောင်းညစ်ဆိုး ဒုစရိုက်မျိုးကို။
ဒူသေန္တု=သူတော်လက်နက် တရားစက်ဖြင့် ဖြိုဖျက်နိုင်ကြပါစေကုန်သတည်း။
သဗ္ဗပါရမိံ=အလောင်းအလျာ ဖြည့်ကောင်းရာသည့် သုံးဖြာဆယ်လီ ပါရမီအပေါင်း အကျင့်ကောင်းကို။
ပူရေန္တု=တဆင့်ထက်တဆင့် ရင့်ထက်ရင့်အောင် မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း။
( အမရပူရ ဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ-ရေးဖွဲ့)
မှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတတိုးပွားပြီးကုသိုလ်တရားပွားများနိုင်ကြပါစေခင်ဗျာ)
(ကျွန်တော့်၏Postများမှဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန်အတွက်ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့့််ကုသိုလ်ယူနိုင်ကြပါသည်ခင်ဗျာ)
Credit: ဓမ္မဒါန
Comments
Post a Comment